Apple iPhone ရောင်းအား ၂၀၁၇ ပထမသုံးလပတ်တွင် ထပ်မံကျဆင်း

Apple ရဲ့ ၂၀၁၇ ပထမသုံးလပတ် iPhone ရောင်းအားဟာ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်ထက် အနည်းငယ်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Mac နဲ့ ဝန်ဆောင်မှုများကို သုံးစွဲသူအရေအတွက် မြင့်တက်ခဲ့ပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာ ၅၂.၉ သန်း ရရှိခဲ့ပါတယ်။

iPhone ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ် ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ပထမသုံးလပတ်မှာ Apple က iPhone ၅၀.၈ သန်း ရောင်းချခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ရောင်းအား ၅၁.၂ သန်းထက် အနည်းငယ်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

အခုလို iPhone ရောင်းအားကျဆင်းရတာဟာ ဒီနှစ်ကုန်ပိုင်းမှာတွေ့မြင်ရဖို့ရှိတဲ့ Apple ရဲ့ (၁၀) နှစ်မြောက် အထိမ်းအမှတ် iPhone ကို ပရိသတ်အများအပြားက စောင့်ဆိုင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် iPad ရဲ့ ရောင်းအားလည်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၆ ပထမသုံးလပတ်မှာ Apple tablet အရေအတွက် ၁၀.၂၅ သန်း ရောင်းချခဲ့ရပေမယ့် ဒီနှစ်သုံးလပတ်မှာတော့ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Mac ရောင်းအားကတော့ ၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ပထမသုံးလပတ်အကုန်မှာ အလုံးရေ ၄.၂ သန်း ရောင်းချခဲ့ရပါတယ်။ Apple Watch နဲ့ Apple TV အပါအဝင် အခြားလုပ်ငန်းအမျိုးအစားတွေရဲ့ရောင်းအားက ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Apple Music, App Store, iTunes, Apple Pay တို့ပါဝင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းက ဂဏန်းနှစ်လုံး တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

Ref: GSMArena