December 12, 2017

Apple ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်လာတဲ့ Huawei

တရုတ်နိုင်ငံရဲ့ အကြီးဆုံးစမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ Huawei ဟာ ဇွန်လနဲ့ ဇူလိုင်လမှာ Apple ရဲ့ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းရောင်းအားကို ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ Counterpoint Research က ထုတ်ပြန်ခဲ့ပါတယ်။

အခုအခါမှာတော့ စမတ်ဖုန်းရောင်းချမှုနှုန်းမှာ Huawei က Samsung ရဲ့အနောက်မှာ ရပ်တည်နေခဲ့ပြီး ဒါဟာ ကုမ္ပဏီရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေးတို့မှာ တစိုက်မတ်မတ် ရင်းနှီးမြှုပ်နှံမှုနဲ့ တီထွင်ဆန်းသစ်တဲ့ ဈေးကွက်ရှာဖွေမှုတို့ကြောင့်ဖြစ်တယ်လို့ Counterpoint က ပြောကြားခဲ့ပါတယ်။

သြဂုတ်လအတွက် ကိန်းဂဏန်းတွေကို မထုတ်ပြန်သေးပေမယ့်လည်း အဲ့ဒီလအတွက် ရောင်းအားဟာလည်း အလွန်ကောင်းမွန်တယ်လို့ Counterpoint က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း Apple က iPhone သစ်ကို မကြာခင် မိတ်ဆက်တော့မှာဖြစ်တာကြောင့် စက်တင်ဘာလမှာ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိဖို့ သေချာသလောက်ရှိနေပါတယ်။

Counterpoint က သုတေသီတွေရဲ့အဆိုအရ Huawei ရဲ့ တောင်အာရှ၊ အိန္ဒိယနဲ့ မြောက်အမေရိက ဈေးကွက်တို့ရဲ့ရောင်းအား နည်းခဲ့ပြီး တရုတ်၊ ဥရောပ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းတို့မှာ ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။

Huawei ဖုန်းတွေဟာ အရွယ်ကြီးမားတဲ့ display တွေနဲ့ အဆင့်မြင့် ကင်မရာလုပ်ဆောင်ချက်တွေပါဝင်တဲ့ ဒီဇိုင်းတွေကြောင့် နာမည်ကျော်ကြားလာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရောင်းအားအကောင်းဆုံးစမတ်ဖုန်းစာရင်းမှာတော့ iPhone 7 နဲ့ 7 Plus က ထိပ်ဆုံးမှာရပ်တည်နေပြီး Oppo ရဲ့ R11 နဲ့ A57 တို့က တတိယနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ သူတို့ရဲ့အနောက်မှာတော့ Samsung Galaxy S8, Xiaomi Redmi Note 4X, Samsung Galaxy S8 Plus တို့က အသီးသီး ရပ်တည်လျက်ရှိပါတယ်။ ဒါပေမဲ့ Apple ရဲ့ ကမ္ဘာတစ်ဝန်းရောင်းအားကို ကျော်ဖြတ်ခဲ့တဲ့ Huawei ရဲ့ ဖုန်းတွေဟာ ထိပ်တန်း ၁၀ ခု စာရင်းထဲမှ တောင် မပါဝင်ခဲ့တာက အံ့အားသင့်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge