December 12, 2017

Android Go အကြောင်း သိထားသင့်သမျှ

ဒီနှစ်အစောပိုင်းက Google I/O မှာ အကျဉ်းချုပ် မိတ်ဆက်ခဲ့တဲ့ Android Go ကို အခုအခါ Google က တရားဝင် ဖြန့်ချိလိုက်ပါတယ်။ Android Go ဆိုတာက ဖွံ့ဖြိုးဆဲဈေးကွက်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ software project သစ်ဖြစ်ပါတယ်။ Google ဟာ Android Go လို့ခေါ်တဲ့ Android Oreo (Go edition) ကို OEM တွေဆီ ဖြန့်ချိပေးလိုက်တဲ့အတွက်ကြောင့် အခုအခါ OEM တွေက အဲ့ဒီ platform အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် Android ဝက်ဘ်ဆိုက်မှာလည်း ဒီစနစ်အတွက် section တစ်ခုကို ထည့်သွင်းထားပါတယ်။

ဒါကြောင့် Android Go အကြောင်း သိထားသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။

Android Go ဆိုတာ ဘာလဲ

အခြေခံအားဖြင့် Android Go က Android Oreo ရဲ့ lighweight version တစ်ခုဖြစ်ပြီး operating system, Google Play Store နဲ့ Google apps ဆိုတဲ့ optimize လုပ်ထားတဲ့ ကဏ္ဍ ၃ ခုပါဝင်ပါတယ်။ အဲ့ဒီကဏ္ဍတွေဟာ Android Oreo (Go edition) ကို entry-level စမတ်ဖုန်းတွေမှာ အကောင်းဆုံး အလုပ်လုပ်နိုင်စေမှာဖြစ်ပါတယ်။

OS

Android Oreo ပေါ်မှာအခြေခံထားတဲ့ OS ကို RAM 1GB အောက် စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ OS ဟာ Android Nougat ထက် internal storage space ထက်ဝက်နီးပါးသာ နေရာယူတာကြောင့် storage နည်းတဲ့ ဖုန်းတွေမှာ media နဲ့ app တွေကို ပိုမိုသိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Android Oreo (Go edition) သုံးထားတဲ့ device တွေမှာ app တွေကိုဖွင့်တဲ့အခါ အရင် Android software ထက် ၁၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ဆိုပါတယ်။ Google က “data saver” feature ကို default ထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူတွေရဲ့ mobile data သုံးစွဲနှုန်းကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Apps

Device ရဲ့ memory ကို အကောင်းဆုံးအသုံးချဖို့အတွက် Google က app တွေကို OS လိုပဲ ဖန်တီးထားပါတယ်။ ကုမ္ပဏီအနေနဲ့ low-end hardware ပေါ်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့နဲ့ နေရာလွတ်အနည်းငယ်သာ ယူဖို့အတွက် G Suite app တွေကို ဒီဇိုင်းပြင်ဆင်ထားပါတယ်။ YouTube Go, Google Maps Go နဲ့ Gmail Go အပါအဝင် pre-installed app တွေဟာ ပုံမှန်ဗားရှင်းတွေထက် ၅၀ ရာခိုင်နှုန်း နေရာလွတ် ပိုမိုရရှိစေမှာဖြစ်ပါတယ်။ Google Assistant Go ကြောင့်လည်း 1GB RAM အောက် ဖုန်းတွေမှာ Google Assistant ကို ပထမဆုံးအကြိမ် အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် Google က Android Go အတွက် Google Go နဲ့ Files Go ဆိုပြီး app အသစ်နှစ်မျိုးကို မိတ်ဆက်ပေးထားပါတယ်။ Google Go က Google Lite app ကို အဆင့်မြှင့်ထားတဲ့ဗားရှင်းဖြစ်ပြီး ထိပ်တန်းဝက်ဘ်ဆိုက်တွေနဲ့ app တွေအပြင် နာမည်ကျော် query တွေနဲ့ ရေပန်းစားနေတဲ့ ဓာတ်ပုံတွေ၊ gif တွေကို စာအနည်းငယ်ရိုက်ရုံနဲ့ အလွယ်တကူ ရှာဖွေပေးမှာဖြစ်ပါတယ်။

Files Go ကလည်း storage နေရာလွတ်တွေကို အလွယ်တကူပြုလုပ်စေနိုင်မယ့် file manager app တစ်ခုဖြစ်ပါတယ်။

Play Store

သုံးစွဲသူတွေက သူတို့ရဲ့ ပေါ့ပါးမြန်ဆန်တဲ့စနစ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် Android Go device တွေမှာ Play Store ဗားရှင်းတစ်မျိုးကို ထည့်သွင်းထားပါတယ်။

Android Oreo (Go edition) Play Store မှာ သာမန် Play Store လိုပဲ တူညီတဲ့ content အားလုံးပါဝင်ပြီး storage နည်းတဲ့ device တွေနဲ့သင့်တော်မယ့် app တွေကို ဦးစားပေးဖော်ပြထားပါတယ်။ Android Go ထုတ်ကုန်တွေအတွက် သင့်တော်မယ့် app တွေကို အကြံပြုဖော်ပြပေးမယ့် featured apps ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပါတယ်။

Android Go ကို ဘယ်အချိန် ဖြန့်ချိမလဲ

လက်ရှိမှာ Android Go ကို OEM တွေအတွက် ဖြန့်ချိထားတာကြောင့် အဲ့ဒီ software သုံးထားတဲ့ ပထမဆုံးထုတ်ကုန်တွေကို လာမယ့် လအနည်းငယ်အတွင်းမှာ တွေ့မြင်ရဖို့ရှိပါတယ်။

Android Go ကို ဘယ်လိုဈေးကွက်တွေမှာ တွေ့ရဖို့ရှိသလဲ

OEM အားလုံးက Android Go သုံးထားတဲ့ ထုတ်ကုန်တစ်ခုတည်ဆောက်ဖို့ အခွင့်အရေးရှိပါတယ်။ ဒါဟာ Android Go ကို ဖွံ့ဖြိုးဆဲဈေးကွက်တွေအတွက် ရည်ရွယ်ထားတယ်ဆိုတာ ထင်ရှားစေပါတယ်။ Android Go ရဲ့ ကြေညာချက်ပို့စ်မှာလည်း Android သုံးစွဲသူဦးရေက အမေရိကန်ထက် အိန္ဒိယမှာ ပိုများတယ်လို့ Google က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Android Go ကို အိန္ဒိယဈေးကွက်မှာ ပထမဆုံး တွေ့မြင်ရဖို့ရှိပါတယ်။

Ref: AndroidAuthority