April 24, 2017

Samsung ရဲ့ ခေါက်နိုင်တဲ့စမတ်ဖုန်းကို ၂၀၁၉ မတိုင်မီ တွေ့မြင်ရဖွယ်မရှိ

နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့် Galaxy X လို့ခေါ်တဲ့ Samsung ရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ စမတ်ဖုန်းကို ၂၀၁၉ ခုနှစ်မတိုင်မီ တွေ့မြင်ရမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား နေ့စဉ်ထုတ် သတင်းစာ Korea Herald က ဖော်ပြလိုက်ပါတယ်။

“လက်ရှိမှာ ဘောင်ပျောက် display တွေရဲ့ ရောင်းအားက ကောင်းနေပါတယ်။ ဒါကြောင့် ခေါက်နိုင်တဲ့ display ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျွန်တော်တို့မှာ အချိန်လုံလုံလောက်လောက် မရှိပါဘူး။ ဒီနည်းပညာက ၂၀၁၉ ဝန်းကျင်မှာ ပြီးပြည့်စုံလာမယ်လို့ မျှော်လင့်ရပါတယ်” ဆိုပြီး Samsung Display ရဲ့ အင်ဂျင်နီယာ အကြီးအကဲ Kim Tae-woong က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်ခဲ့တဲ့ Display TechSalon ကွန်ဖရင့်စ်မှာ ပြောကြားခဲ့ပါတယ်။

ကျော်လွှားရမယ့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေရှိနေတာကြောင့် တစ်ဖက်တည်းခေါက်နိုင်တဲ့ ထုတ်ကုန်ကို အရင်ဆုံးတွေ့မြင်ရမယ်လို့ Kim က ဆိုပါတယ်။ အနားနှစ်ဖက်စလုံးကိုဖြန့်နိုင်တဲ့ tablet အရွယ် panel ကိုတော့ နောက်ပိုင်းမှာ ပွဲထုတ်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ကုန်တွေကို တွေ့မြင်ရမယ့် အချိန်အတိအကျကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

Ref: TechnoBuffalo