April 23, 2017

၂၀၁၃ ဒီဇင်ဘာနောက်ပိုင်း Mac Pro ကို ပထမဆုံးအကြိမ် အဆင့်မြှင့်လိုက်တဲ့ Apple

Display မပါတဲ့ ဆလင်ဒါပုံစံ desktop ကွန်ပျူတာဖြစ်တဲ့ Mac Pro ကို ၂၀၁၃ ဒီဇင်ဘာနောက်ပိုင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ Apple က အဆင့်မြှင့်တင် လိုက်ပါတယ်။

ဒါ့အပြင် iMac နဲ့ Mac Pro အတွက် ကြီးမားတဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း Apple က ပြောကြား ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီနှစ်အတွင်းမှာ iMac သစ်တစ်မျိုးကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ဒီဇိုင်းလုံးဝပြောင်းလဲပြင်ဆင်ထားတဲ့ Mac Pro ကိုတော့ လာမယ့်နှစ်မှာ မိတ်ဆက်သွားမယ်လို့ Apple က နည်းပညာဆိုက် Daring Fireball နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အဆင့်မြှင့်ထားတဲ့ Mac Pro ကွန်ပျူတာတွေကို အင်္ဂါနေ့က မိတ်ဆက်ပေးခဲ့တာပါ။ အဲ့ဒီ Mac Pro ကွန်ပျူတာတွေမှာ ပရော်ဖက်ရှင်နယ်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ပရိုဆက်ဆာတွေကို အဆင့်မြှင့်ပေးထားပါတယ်။

Apple Mac Pro ကွန်ပျူတာတွေက ဈေးမသက်သာပါဘူး။ Feature တွေအပေါ်မူတည်ပြီး တန်ဖိုးက ၂,၉၉၉ ဒေါ်လာကနေ ဒေါ်လာ ၁၀,၀၀၀ အထိ ကျသင့်နိုင်ပါတယ်။

အဆင့်မြှင့်ထားတဲ့ Apple Mac Pro ကို အခုအခါ အော်ဒါမှာယူနိုင်ပြီး ဧပြီ ၇ ရက်မှာ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref;CNBC