April 23, 2017

Digital signal တွေကိုသုံးပြီး စမတ်တီဗီကို ဟက်ကာများ ထိန်းချုပ်နိုင်

တီဗီ broadcast signal တွေကိုအသုံးပြုပြီး စမတ်တီဗီတွေကိုတိုက်ခိုက်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို ဟက်ကာတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါနည်းလမ်းကို ဟက်ကာတစ်ယောက်က Samsung စမတ်တီဗီ နှစ်လုံးပေါ်မှာ သရုပ်ပြသခဲ့တာပါ။ ဒီတိုက်ခိုက်မှုက background မှာ ဖွင့်ထားတဲ့ Web browser တွေထဲက လုံခြုံရေးအားနည်းချက်နှစ်ခုကို အသုံးချပြီး တီဗီရဲ့ root access ကို ရယူတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု အမျိုးအစားဟာ ဟက်ကာတွေက အိမ်တွင်းမှာရှိတဲ့ အခြားထုတ်ကုန်တွေကို ထိန်းချုပ်နိုင်ပြီး တီဗီရဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းကိုသုံးကာ လူတွေကို တိတ်တဆိတ်စောင့်ကြည့်နိုင်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီနည်းလမ်းဟာ တီဗီအချို့ကို တစ်ပြိုင်နက် ထိန်းချုပ်အသုံးပြုစေနိုင်တယ်လို့ သိရပါတယ်။

စမတ်တီဗီတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ command တွေကို ထည့်သွင်းဖို့အတွက် လုံခြုံရေးအကြံပေး Rafael Scheel က ဈေးပေါတဲ့ transmitter တစ်ခုကို အသုံးပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကနေ လွတ်မြောက်ဖို့အတွက် device ကို reboot နဲ့ factory reset လုပ်ရမှာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှု နည်းလမ်းကို ပြီးခဲ့တဲ့လက ဆွစ်ဇာလန်မှာပြုလုပ်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးကွန်ဖရင့်စ်တစ်ခုမှာ Scheel က သရုပ်ပြသခဲ့တာပါ။

သရုပ်ပြသဖို့အတွက် သူက Samsung တီဗီတွေကိုအသုံးပြုခဲ့ပေမယ့် အဲ့ဒီနည်းလမ်းကို စမတ်တီဗီမော်ဒယ် အများအပြားမှာ သုံးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဟက်ကာတစ်ယောက်က သုံးစွဲသူတစ်ယောက်ရဲ့ တီဗီကို ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ သုံးစွဲသူကို နည်းလမ်းပေါင်းစုံနဲ့ ထိခိုက်နစ်နာအောင် လုပ်နိုင်ပါတယ်။ တီဗီကို အိမ်ထဲမှာရှိတဲ့ အခြားထုတ်ကုန်တွေကို တိုက်ခိုက်ရာမှာ သုံးနိုင်သလို တီဗီရဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းကိုသုံးပြီး သုံးစွဲသူတွေကို လျှို့ဝှက်ထောက်လှမ်းနိုင်ပါတယ်” လို့ Scheel က Ars Technica ထံ ပြောကြားခဲ့ပါတယ်။

မစ္စတာ Scheel သုံးခဲ့တဲ့ transmitter ဟာ Digital Video Broadcasting – Terrestrial (DVB-T) signal လို့ခေါ်တဲ့ digital TV broadcast signal တစ်ခုကို အသုံးပြုပြီး command တွေကို ပို့လွှတ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ရိုးရှင်းတဲ့ firmware update တစ်ခုနဲ့ တားမြစ်နိုင်ပေမယ့်လည်း စမတ်တီဗီကုမ္ပဏီတွေ update တွေကို ဖြန့်ချိရာမှာ အချိန်ကြာမြင့်လေ့ရှိတယ်လို့ သိရပါတယ်။

“တီဗီကြည့်တဲ့သူတွေက လုံခြုံရေးအပိုင်းကို ဂရုမစိုက်ကြပါဘူး။ တီဗီတွေကနေလည်း လုံခြုံရေးသတိပေးချက်တွေ မရရှိပါဘူး။ နောက်ပြီး security update တွေကို ထည့်သွင်းရမယ့် အလေ့အကျင့်လည်း မရှိပါဘူး” လို့ အစ္စရေးရဲ့ Ben-Gurion တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေးပညာရှင် Dr Yossi Oren က ပြောကြားခဲ့ပါတယ်။

Ref: DailyMail