April 24, 2017

မူပိုင်ခွင့်များကို အလွယ်တကူဝေမျှနိုင်မယ့် PAX သဘောတူညီချက် Google မိတ်ဆက်ကြေညာ

Google ရဲ့ Android လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအချို့ အပါအဝင် အဖွဲ့ဝင်များက ဆော့ဖ်ဝဲမူပိုင်ခွင့်များနဲ့ ပတ်သက်ပြီး အပြန်အလှန် သတိပေးခြိမ်းခြောက်မှုများကို ရပ်တန့်ရန်အတွက် PAX သဘောတူညီချက် တစ်ရပ်ကို Google က မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီသဘောတူညီချက်မှာ LG, Samsung, HTC တို့အပါအဝင် Android ထုတ်ကုန်များထုတ်လုပ်တဲ့ နာမည်ကျော် ကုမ္ပဏီအချို့ ပါဝင်တယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။

လက်ရှိ PAX အဖွဲ့ဝင်တွေထဲမှာ Google, Samsung Electronics, LG Electronics, Foxconn Technology Group, HMD Global, HTC, Coolpad, BQ နဲ့ Allview တို့ပါဝင်ပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ ကမ္ဘာတစ်ဝန်းက မူပိုင်ခွင့် ၂၃၀,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ကုမ္ပဏီတွေ ပိုမိုပူးပေါင်း ပါဝင်လာတာနဲ့အမျှ မူပိုင်ခွင့် အနှောင့်အယှက်ကင်းမှုကို ပိုမိုလုပ်ဆောင်နိုင်ပြီး တီထွင်ဆန်းသစ်မှုများကို လွတ်လပ်စွာ စိတ်ကြိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေကြောင့် သုံးစွဲသူတွေက အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်ကို Android Networked Cross-License လို့ အမည်ပေးထားပေမယ့် Google က PAX လို့ပဲ အတိုကောက် ခေါ်ဆိုထားပါတယ်။ Pax ဆိုတာ လက်တင်လို “ငြိမ်းချမ်းရေး” လို့ အဓိပ္ပာယ်ရပြီး ဒီသဘောတူညီချက်က နည်းပညာ ကမ္ဘာအတွင်း တရားဝင်ငြိမ်းချမ်းရေးတစ်ရပ် ရရှိစေမှာဖြစ်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။