April 23, 2017

iPhone အတွက် OLED panel သန်း ၇၀ ကို Apple က Samsung ထံ မှာယူ

အသစ်ထွက်မယ့် iPhone အတွက် ကွေးနိုင်တဲ့ organic-light emitting diode (OLED) panel တွေကို Apple က Samsung Electronics ထံ မှာယူခဲ့တယ်လို့ Nikkei က ဖော်ပြလိုက်ပါတယ်။

Apple ဟာ OLED panel သန်း ၇၀ ကို မှာယူခဲ့တာဖြစ်ပြီး ဒါဟာ IHS Markit လေ့လာဆန်းစစ်သူ David Hsieh ရဲ့ခန့်မှန်းချက်နဲ့ ကိုက်ညီနေတယ်လို့ ဆိုပါတယ်။

“Apple က OLED panel သန်း ၇၀ ကို Samsung ဆီကနေ မှာယူခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ၂၀၁၇ မှာ Samsung က Apple အတွက် OLED panel ၉၅ သန်းထက်မနည်း ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပါတယ်” လို့ Hsieh ရဲ့ပြောကြားချက်ကို ကိုးကားပြီး Nikkei က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယားကနေ ထွက်ပေါ်လာခဲ့တဲ့သတင်းမှာလည်း အသစ်ထွက်မယ့် iPhone အတွက် OLED panel သန်း ၁၀၀ ထောက်ပံ့ဖို့ ဝမ် ၃ ထရီလီယံတန်ဖိုးရှိတဲ့ သဘောတူညီချက်ကို Apple နဲ့ Samsung တို့က လက်မှတ်ရေးထိုး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၁၀ နှစ်ပြည့်အထိမ်းအမှတ် iPhone ကို မော်ဒယ်သုံးမျိုးနဲ့ တွေ့မြင်ရမယ်လို့ Nikkei က ဆိုပါတယ်။ ပရီမီယံမော်ဒယ်မှာ ၅.၂ လက်မ curved OLED displa ပါဝင်ပြီး ကျန်နှစ်မျိုးမှာတော့ ၄.၇ လက်မနဲ့ ၅.၅ လက်မ LCD display ပါဝင်မယ်လို့ သိရပါတယ်။

အသစ်ထွက်မယ့် iPhone တွေဟာ ရေစိုဒဏ်ခံနိုင်တဲ့အပြင် ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ်လို့လည်း Nikkei က ပြောကြားခဲ့ပါတယ်။ မော်ဒယ်တစ်ခုမှာ facial recognition အတွက် 3D sensor ပါဝင်ပြီး home ခလုတ် မပါဝင်ဘူးလို့ ဆိုပါတယ်။

မကြာမီကမိတ်ဆက်ပေးခဲ့တဲ့ Galaxy S8 နဲ့ S8 Plus မှာ Samsung က ကွေးနိုင်တဲ့ OLED panel တွေနဲ့ Infinity Display screen ကို အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် Galaxy S8 နဲ့ S8 Plus မှာ physical home ခလုတ်ကို ဖယ်ရှားထားပြီး facial recognition ကို ထည့်သွင်းပေးခဲ့ပါတယ်။

Ref: ZDNet