April 23, 2017

iPhone အားသွင်းရင်း အိပ်ပျော်သွားသူ ကံကောင်း၍ အသက်မသေ

အိပ်ရာဘေးက extension cord တစ်ခုမှာ iPhone ကို အားသွင်းရင်း အိပ်ပျော်သွားတဲ့ အသက် ၃၂ နှစ်အရွယ် Wiley Day ဆိုသူဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သူဟာ iPhone ကို အားသွင်းထားပြီးနောက် အိပ်ပျော်သွားခဲ့ပြီး အိပ်ရာနှိုးလာတဲ့အခါမှာ သူ့ရဲ့ ဆွဲကြိုးက extension cord နဲ့ charger ကြားမှာ ငြိနေတာကို တွေ့ရှိခဲ့တယ်လို့ Day က WAAY-TV ထံ ပြောကြားခဲ့ပါတယ်။

သူဟာ ဓာတ်လိုက်တဲ့ အရှိန်ကြောင့် အိပ်ရာကနေ ကြမ်းပြင်ပေါ် ပြုတ်ကျကာ လန့်နိုးလာခဲ့ပေမယ့် ဆွဲကြိုးကို ချက်ချင်းမချွတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ဒါဟာ ထိတ်လန့်တုန်လှုပ်စရာအကောင်းဆုံး အခိုက်အတန့်ပါပဲ” လို့ Day က သူ့ရဲ့အတွေ့အကြုံကို WAAY ထံ ဖွင့်ဟခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်ကြောင့် Day ရဲ့ လည်ပင်းနဲ့ လက်တွေမှာ အဆင့် ၂ နဲ့ အဆင့် ၃ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဆရာဝန်တွေကတော့ Day ဟာ ကံကောင်းပြီး အသက်မသေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Day ဟာ သူ့ရဲ့ဖြစ်ရပ်ကို Facebook ပေါ်မှာ ဝေမျှခဲ့ပြီးနောက် လူအများအပြားက အိပ်ရာဘေးမှာ ဖုန်းကိုအားသွင်းလေ့ရှိတယ်ဆိုပြီး ဝန်ခံခဲ့ကြပါတယ်။

“ဖုန်းကို extension cord မှာအားသွင်းပြီး အိပ်ရာထဲကနေ အသုံးပြုကြတယ်လို့ လူအများစုက ပြောပါတယ်။ ဒါဟာဝမ်းနည်းစရာကောင်းတဲ့ တကယ့်အဖြစ်အပျက်ပါ” လို့ Day က ပြောကြားခဲ့ပါတယ်။

Ref: CNET