April 28, 2017

ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် မောင်းသူမဲ့ကားစမ်းသပ်မှု Uber ရပ်ဆိုင်း

Arizona ပြည်နယ် Tempe မြို့မှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် Uber Technologies Inc က မောင်းသူမဲ့ ကားစမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

Twitter မှာတော့ Uber ရဲ့ Volvo မောင်းသူမဲ့ SUV တစ်စီးက အခြားကားတစ်စီးနဲ့ တိုက်မိပြီး ဘေးတစ်စောင်းလဲနေတဲ့ ဓာတ်ပုံထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကို Uber ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုမပြီးမချင်း မောင်းသူမဲ့ကားစမ်းသပ်မှုကို ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီ ယာဉ်မတော်တဆဖြစ်ရပ်အတွက် Uber ကားမှာ တာဝန်မရှိကြောင်းနဲ့ ဒဏ်ရာရရှိသူ တစ်ယောက်မှမရှိကြောင်း Tempe ရဲအရာရှိ Josie Montenegro က Bloomberg News ထံ ပြောကြားခဲ့ပါတယ်။ အခြားကားက Uber ကားကို တိုက်ခဲ့တာကြောင့် မောင်းသူမဲ့ကားက ဘေးတစ်စောင်းလဲသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Bloomberg