April 28, 2017

ဘာသာစကားလိုက်စားသူတို့အတွက် ဝေါဟာရသစ်များ လေ့လာနည်း ၁၀ ခု

ဘာသာစကား လေ့လာသူ တစ်ဦးအနေနဲ့ သင်ဟာ ဝေါဟာရ အသစ်တွေကို တိုးပွားအောင် အမြဲ ကြိုးစားရပါတယ်။ နေ့စဉ်နေ့တိုင်း ဝေါဟာရ စာရင်း အရှည်ကြီးတွေ ရေးမှတ်တာတို့၊ flash card ဝေါဟာရကတ်ပြားတွေနဲ့ လေ့ကျင့်တာတို့လုပ်ပြီး စကားလုံး အသစ်တွေကို မွှေနှောက်ရှာဖွေ မှတ်သားရတယ်။ ဒါပေမဲ့ စကားပြောမယ်လည်း ကြံလိုက်ရောခေါင်းထဲက ကျက်မှတ်ထားတဲ့ စကားလုံးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြလို့ နောက်ဆုံးတော့ သင်အကြိမ်ကြိမ် သုံးခဲ့ဖူး၊ သိခဲ့ဖူးတဲ့ စကားလုံး အဟောင်းတွေကိုဘဲ ပြောင်းသုံး ပြောရတာပဲ မဟုတ်ပါလား။

ဘာသာစကား လေ့လာသူတွေအတွက် စကားလုံး အသစ်တွေကို မှတ်မိတာနဲ့ စကားပြောရာမှာ စကားလုံး အသစ်တွေကို သုံးတာတို့ဟာ အလွန်ခက်ခဲတဲ့ အရာပင်ဖြစ်ပါတယ်။ ဒါကြောင့် အောက်မှာ စကားလုံး အသစ်တွေကို စွဲမြဲအောင် မှတ်မိရုံမျှမကဘဲ စကားပြောတဲ့အခါမှာပါ ပြန်သုံးတတ်အောင် ကူညီပေးမယ့် ဗျူဟာ အချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ကျပန်းဝေါဟာရ မဖြစ် စေနဲ့ ကျွန်တော်တို့ဟာ ကိုယ်နဲ့သက်ဆိုင်တာကိုပဲ မှတ်မိလေ့ရှိပါတယ်။ ဒါကြောင့် စကားလုံးပေါင်းစုံ ရောရောပါဝင်တဲ့ ဝေါဟာရ စာရင်း ပြုစုတာ ဒါမှမဟုတ် index card (ဝေါဟာရကတ်) ပြုလုပ်တာတို့တွေဟာ နောင်တစ်ချိန်မှာ အဲ့ဒီစကားလုံးတွေကို ပြန်လည်မှတ်မိဖို့၊ ပြန်လည် အသုံးချဖို့အတွက် သိပ်ပြီး ထိရောက်မှု မရှိဘူးလို့ ဆိုချင်ပါတယ်။ ဝေါဟာရ စာရင်းတို့ ဝေါဟာရကတ်တို့ ဟာ သင်သိပြီးသား၊ လေ့လာထားပြီးသား စကားလုံးတွေကို ပြန်နွှေးရုံအတွက် ဆိုရင်တော့ အသုံးဝင်ပါတယ်။ ဒါပေမဲ့ စကားလုံး အသစ်တစ်လုံးကို စွဲစွဲမြဲမြဲ မှတ်မိနိုင်အောင် လုပ်ချင်ရင် မိမိအတွက် အဓိပ္ပာယ်ရှိတဲ့ (သက်ဆိုင်မှုရှိတဲ့) အရာတစ်ခုခုနဲ့ အဲ့ဒီစကားလုံး အသစ်ကို ချိတ်ဆက်ပြီး မှတ်သားပါ။ သင်ကြိုက်နှစ်သက် တဲ့ စိတ်ဝင်စားတဲ့၊ အရမ်းစွဲလမ်း တဲ့ အကြောင်းအရာ context တစ်ခုခုထဲမှာ ထည့်သုံးတဲ့ စကားလုံးကို သင်ကပိုပြီး ကောင်းကောင်းမှတ်မိမှာ ဖြစ်ပါတယ်။

ဥပမာ- သင်က ဘောလုံးဝါသနာအိုးတစ်ယောက် ဖြစ် တယ်ဆိုရင် ‘unstoppable’ (တားဆီး၍မရ) ဆိုတဲ့ စကားလုံးဟာ တစ်လုံးတည်းဖြစ်စေ၊ သာမန်စာကြောင်းမျိုး ဥပမာ – Some people are unstoppable.  ဆိုတဲ့ စာကြောင်းမှာ ပါတာမျိုးထက် ‘Messi is unstoppable.’ (တိုက်စစ်မှူး မက်ဆီကို ဘယ်သူမှ မတားဆီးနိုင်ဘူး) ဆိုတဲ့ စာကြောင်းမှာလိုမျိုးဆိုရင် သင့်အတွက် ပိုမှတ်မိနိုင်ခြေ များစွာ ဖြစ်ပါတယ်။

အကြံပြုချက်။ ။ ဗြိတိသျှ ကောင်စီရဲ့ LearnEnglish website ဝဘ်ဆိုဒ်မှာ အပြန်အလှန်လေ့ကျင့်ပြောဆိုလို့ရတဲ့ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ podcast တွေ အပုံအပင် ရှိပါတယ်။ သင်ဘာကို စိတ်ဝင်စားတယ်ဖြစ်ဖြစ် သင့်အတွက် ရွေးစရာတစ်ခုခုကတော့ အမြဲရှိနေပါတယ်။ အခြားသော လေ့လာသူတွေနဲ့လဲ သင့်အတွေး အမြင်တွေ ဖလှယ်လို့ရပါတယ်။

၂။ စကားပြောတွေကို အတွဲ လိုက်လေ့လာပါ

တကယ်လို့ စကားကို အတွဲလိုက် (စကားလုံး အများကြီးပါတဲ့ စကားစု အတွဲလိုက်) ဒါမှမဟုတ် စကားပြော scripts (ပုံသေကားကျ အပြန်အလှန်ပြောဆိုပုံ) စတာတွေနဲ့ လေ့လာရင် ပိုမိုစွဲမြဲစွာ မှတ်မိပါတယ်။ ဥပမာ – phrasal verbဖြစ်တဲ့ ‘to come up with’ ကို ဒီအတိုင်းပဲ အလွတ်မှတ်မဲ့ အစား phrase တစ်ခုရဲ့ အစိတ်အပိုင်း ‘to come up with an idea’ ဆိုပြီးကျက်မှတ်ပါ။ ဒီနည်းနဲ့ ကျက်မှတ်ရင် ဒီ phrasal verb ကို ဝါကျတစ်ကြောင်းမှာ ဘယ်လိုသုံးရမလဲဆိုတာကို အနည်းဆုံးတော့ သင်သိသွားမှာပါ။ အလားတူပဲ ‘hello’  နဲ့ ပုံစံတူတဲ့ နှုတ်ဆက် နည်း ၃၃ မျိုးကို ကျက်မှတ်မဲ့အစား အပြန်အလှန် စကားပြောပုံစံ ဖြစ်တဲ့ ‘Hello, how are you? – I’m fine, thank you.’ ဆိုပြီး ကျက်မှတ်ပါလေ။

အကြံပြုချက်။ ။ တကယ်လို့သင်က ဗွီဒီယို၊ တီဗွီ၊ ရုပ်ရှင် စတာတွေနဲ့ လေ့လာရတာ ကြိုက်တယ်ဆိုရင် FluentU ကို စမ်းကြည့်ပါ။ အဲ့ဒီထဲမှာ အပြန်အလှန် ကျင့်လို့ရတဲ့ caption စာတန်းထိုးတွေ ပါဝင်ပြီး စကားလုံးတစ်လုံးပေါ် ထောက်ကြည့် လိုက်ရုံနဲ့ရုပ်ပုံတွေ၊ အနက်အဓိပ္ပာယ်တွေ အပြင်အသုံးဝင်တဲ့  ဥပမာတွေပါ ဖော်ပြပေးပါတယ်။ ဖတ်စရာ အကြောင်းအရာထဲမှာ သုံးထားတဲ့စကားလုံးတွေကို အထူးပြုတဲ့ အခြား စိတ်ဝင်စားဖွယ် ကောင်းတဲ့ သင်ထာက်ကူ သင်ခန်းစာ အရင်းအမြစ်တွေလည်း တွေ့နိုင်ပါသေးတယ်။ ဥပမာ -‘Speak-Smart’ collection on Instagram မှာဆိုရင်စကားလုံးတွေ၊ ပြောစကားတွေအတွက် ဥပမာတွေကိုလူကြည့်များတဲ့ ရုပ်သံစီးရီးတွေထဲက ဇာတ်ဝင်ခန်း ပေါင်းများစွာအသုံးပြုပြီး ရှင်းပြပါတယ်။ တကယ်လို့ သင်က စာဖတ်ရတာ ဝါသနာပါတယ်ဆိုရင် စာပိုဒ်တို short text လေးတွေကို ဖတ်ပါ။ ဥပမာ – ကာတွန်းဖတ်တာလိုမျိုးပေါ့။  Grammarman လိုမျိုး ဘာသာ စကား လေ့လာသူတွေအတွက်ကာတွန်းအပါအဝင် ဖတ်ရင်းနားထောင်လို့ရတဲ့ ကာတွန်းတွေ လည်း အွန်လို င်းပေါ်မှာ အမြောက်အမြား ရှိနေပါပြီ။

၃။ သင့်ရဲ့ စိတ်တွင်းက အသံကို အသုံးချပါ။

သင်ယူ လေ့လာတယ်ဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ စကားလုံးတစ်လုံးကို လေ့လာရင် သင့်ရဲ့ စိတ်တွင်းက အသံရဲ့ ကမ္ဘာထဲကို အရင်ဝင်ဖို့ လိုအပ်ပါတယ်။ အောက်ပါ နည်းလမ်းကို စမ်းကြည့်ပါ။ စကားလုံး/ စကားတွဲ phrase တစ်ခုကို တစ်ကြိမ်နားထောင်ပါ။ ပြီးတော့ အဲ့ဒီစကားလုံးကို ခေါင်းထဲကနေ (စိတ်ထဲကနေ) နားထောင်ပါ။ ပြီးတော့ ခေါင်းထဲကပဲ ပြောကြည့်ပါ။

ပြီးတော့မှပါးစပ်ကနေ ကျယ်ကျယ်ပြောပါ။ မိမိရဲ့ ပြောသံကို အသံသွင်းထားပြီး ပြန်နားထောင်ကြည့်ပါ။ ပြီးတော့သင်ကြားရတဲ့ အသံနဲ့ သင့်စိတ်ထဲက အသံတူသလား။ တစ်ထပ်တည်းလားဆိုတာ နားထောင်ကြည့်ပါ။

အကြံပြုချက်။ ။ Forvo မှာ ဆိုရင် native speaker တွေ non-native speaker တွေရဲ့ အသံထွက်အမျိုးမျိုးနဲ့ ကမ္ဘာအရပ် ရပ်က စကားလုံးအမျိုးမျိုး၊ စကားတွဲအမျိုးမျိုးကို နားထောင်လို့ ရပါတယ်။ နားထောင်ချင်တဲ့ စကားလုံးကို ရိုက်ထည့်ပါ။ ပြီးတော့ speaker ကို ရွေးချယ်ပြီးတော့လေ့ကျင့်ရုံပါပဲ။

၎။ စကားလုံး၊ စကား တွဲတွေ ဘယ်လိုပုံစံလဲ ဆိုတာ စိတ်ကူးပုံဖော် ကြည့်ပါ

စကားလုံးရဲ့ အဓိပ္ပာယ်ကို စာရွက်ပေါ်မှာ သို့မဟုတ် စိတ်ကူးထဲမှာ သရုပ်ဖော် ရေးဆွဲခြင်းဖြင့် ဘယ်အချိန်မှာ ပြန်ကြားကြား အဲ့ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ချက်ချင်း ပြန်မှတ်မိဖို့ ကူညီပေး ပါတယ်။ ဒီနည်းကတော့ အီဒီယံတွေ ဥပမာ – to keep one’s mouth shut (informal) (ဘာမှ မပြောဘဲ နှုတ်ဆိတ်နေသည်) လိုဟာမျိုးတွေ မှတ်ရာမှာ အကူအညီရပါတယ်။

အကြံပြုချက်။ ။ Visuwords ဆိုတဲ့ ပုံပြနဲ့ သံကွဲကြောင်းတူ အဘိဓာန် visual dictionary and thesaurus  မှာလည်း  စကားလုံးရဲ့ ပုံအပြင်မှာလည်း စကားလုံး တွေ ဆက်စပ်ပုံကိုလည်း လေ့လာနိုင်ပါတယ်။

၅။ တွဲမှတ်လို့ ရတဲ့ ရယ်စရာ လေးတွေ ဖန်တီးပါ Mnemonic လို့ခေါ်တဲ့ စကားလုံးနဲ့ သူ့ရဲ့ အဓိပ္ပာယ်ကြားထဲက ဆက်စပ်မှုကို ခိုင်မြဲစေမဲ့ ရယ်စရာစကားစု သို့မဟုတ် ပုံပြင်လေးတွေဖန်တီးကြည့်ပါ။ စာလုံးပေါင်းရခက်တဲ့ စကားလုံးတွေကို ကျွန်တော် ပြန်အစဖော်ပြီး မှတ်မိအောင် လုပ်တဲ့အခါတိုင်း ဒီနည်း လမ်းက ထိထိရောက်ရောက် ရှိ လှပါတယ်။

အောက်မှာတော့ ကျွန်တော့်ရဲ့ ကျောင်းသားတွေ ဖန်တီးထားတဲ့ mnemonic တွေပါ။

‘career’ – car and beer‘island’  – is land‘to lose’ – un-oh, I’ve lostan ‘O’ (အိုတစ်လုံး ပျောက်သွားပြီ)

(loose နဲ့ မမှားရအောင် မှတ်တဲ့ နည်း)အကြံပြုချက်။ ။  Memrise ဆိုတဲ့ ဆိုဒ်မှာ သုံးစွဲသူတွေ ဝိုင်းပြုစုထားကြတဲ့ ‘memes’ ဆိုတာမျိုးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မိမိကိုယ်တိုင် တီထွင် ဖန်တီးမယ်ဆိုရင်တော့ စကားလုံးတွေကို ပိုပြီးမှတ်မိမယ့် အခွင့် အလမ်းပိုများတာပေါ့။

၆။ အချိန်ခြားပြီး ပြန်ရွတ် ဆိုသုံးစွဲတဲ့ နည်းလမ်းသုံးပါ

စကားလုံးအသစ်တွေကို အကြိမ်ကြိမ် ပြန်လည် ရွတ်ဆို ကျက်မှတ်ပေးတာဟာ မှတ်ဥာဏ်မှာ စွဲစေပါတယ်။ ဒါပေမဲ့ တစ်နေ့တည်းမှာ ဝေါဟာရအသစ်တွေကို အကြိမ်ရာပေါင်းများစွာ ရွတ်ဆို ကျက်မှတ်တာဟာ spaced repetition လို့ခေါ်တဲ့ ရက်များများ သို့မဟုတ် အပတ်များများ ကာလတစ်ခုထဲမှာ ပြန်လှန်ဆွေးနွေးပြီး ကျက်မှတ်တာလောက် ထိရောက်မှုမရှိပါဘူး။ ဝေါဟာရအသစ်တွေကို ချက်ချင်းအသုံးပြုပါ။ ပြီးတော့တစ်နာရီလောက် ခြားပြီးတော့ မှ မှတ်မိသေးလား ပြန်စဉ်းစားကြည့်ပါ။ အိပ်ယာမဝင်ခင် နောက်တစ်ခါ စဉ်းစားပြီး နွှေးပေးပါ။ နောက်ထပ် တစ်ရက်လောက်ခြားပြီး ပြန်သုံးပါ။ နောက်ဆုံးအနေနဲ့ နောက် ၂ ရက်လောက်အကြာမှာ ပြန်လှန်လေ့လာပါ။

အကြံပြုချက်။ ။ ရက်ရှည် ကာလ ‘spaced repetition’ platform နဲ့ဝါကျ အပြည့် ရေးချပြီး လေ့ကျင့်လို့ရတဲ့ Anki လိုsoftware တွေအပြင် မိမိကိုယ်ပိုင် ပြန်လှန်လေ့လာရေး revision အချိန်ဇယားကို ရေးဆွဲထား နိုင်ပါသေးတယ်။ သင့်စကားလုံးအသစ်တွေကို ကတ်ပြားလေး တွေပေါ်မှာတစ်ဖက်မှာ ဝါကျအပြည့် ရေးချထားပြီး ကျန်တစ်ဖက်မှာ စကားလုံးရဲ့ အနက်အဓိပ္ပာယ်/ ဘာသာပြန်/ ပုံ စသည်တွေပါတဲ့ index card လေးတွေလုပ်ထားပါ။

ပြီးတော့ အဲ့ဒီကတ်လေးတွေကို ပြန်လှန် ကြည့်ရှုမှတ်သားဖို့ အချိန်ဇယား ပြုလုပ်ပါ။ ကတ်ပြားလေးတွေကို အစီအစဉ်တကျပြုလုပ်ပြီး အမျိုးအစား ၃ မျိုးခွဲလိုက်ပါ။

အစိမ်းရောင် – နောက်ထပ်ကြည့်စရာ သိပ်မလိုတော့တဲ့ စကားလုံးများ

အဝါရောင် – မကြာခဏ ထပ်ကြည့်ပေးရမယ့် စကားလုံးများ

အနီရောင် – အကြိမ်များစွာ ထပ်ခါထပ်ခါ ကြည့်ရမယ့် စကားလုံးများ စသည်ဖြင့် ဖြစ်ပါသည်။

ရ။ ဝေါဟာရရင်းမြစ်ကို ရှာဖွေလေ့လာပါ။

စကားလုံးသစ်တစ်လုံးရဲ့ အဓိပ္ပာယ်ကို အဘိဓာန်မှာ ရှာမကြည့် ခင် အဲ့ဒီစကားလုံးရဲ့ ဆိုလိုရင်းကို ခန့်မှန်း စဉ်းစားကြည့်ပါ။ အဲ့ဒီစကားလုံးရဲ့ မူလ အရင်းအမြစ် root အပြင် prefix တွေ suffix တွေကိုပါ လေ့လာပါ။ တကယ်လို့ သင်က အခြားဘာသာစကားအချို့ကိုလည်း နားလည်မယ် ဆိုရင် စကားလုံးတွေရဲ့ မြစ်ဖျားခံရာ တူညီမှုတွေကိုလည်း တွေ့ရှိမှာ ဖြစ်ပါတယ်။ စကားလုံး အသစ်တွေရဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း အရင်းအမြစ်ကို သုတေသနလုပ်ပြီး လေ့လာရင် အဲ့ဒီ စကားလုံး အသစ်တွေကို ပိုမိုမှတ်မိပါတယ်။

ဥပမာ Tea (လက်ဖက်ရည်) ဆိုတဲ့ စကားလုံးဟာ တရုတ်စကား (Mandarin dialect  ဖြစ်တဲ့ ch’a နှင့်ဆက်စပ်တဲ့) t’e ဆိုတဲ့ Amoy dialect ကနေ လာတယ်ဆိုတာ သင်သိပါသလား။ ပြင်သစ်၊ စပိန်၊ ဂျာမနီလိုဘဲ အင်္ဂလိပ်စကားလုံး tea ဟာ အဲ့ဒီ Amoy စကား t’eကို (ဟိုးရှေးရှေးက Dutch East India ကုမ္ပဏီက ဥရောပကို လက်ဖက်ရွက်၊ လက်ဖက်ခြောက် တွေစပြီး မိတ်ဆက်ပေးခဲ့ရာမှ စတင်ပြီး) မွေးစား သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ ရုရှားရဲ့ Chai (လက်ဖက်ရည်) ဆိုတာ ဟာလည်း ဆားဗီးယား၊ ပါရှန်၊ ဂရိ၊ အာရဘီနှင့် တူရကီတို့ရဲ့ လက်ဖက်ရည်ကို ခေါ်တဲ့ စကားလုံးဖြစ်တဲ့ Chai ကဲ့သို့ပဲ လက်ဖက်ကို ရှေးရှေးတုန်းက တရုတ်ပြည် ကနေ ကုန်သည်တွေက ကုန်းကြောင်းကနေ ကုန်သွယ်ခဲ့ရာက ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ tea ဆိုတဲ့ စကားလုံးကို သင်ကြားလိုက်တယ် ဆိုရင်ပဲ အငွေ့တထောင်းထောင်းထနေတဲ့ လက်ဖက်ရည် ခွက်ကလေးကို ပြေးမြင်ပြီး သင့်နိုင်ငံကို လက်ဖက် ဘယ်လို ရောက်လာသလဲဆိုတာပါ သိနိုင်ပြီပေါ့။

အကြံပြုချက်။ ။ စကားလုံးတွေ၊ အီဒီယံတွေရဲ့ စတင်ရာ ရင်းမြစ်တွေကို လေ့လာချင်ရင် Online Etymology Dictionary ဆိုတဲ့ ဆိုဒ်ဟာတော်တော်လေး ကောင်းမွန်ပါတယ်။

၈။ မိမိကိုယ်ကို စကား လုံး အသစ်တွေနဲ့ စိန်ခေါ် ကြည့်ပါ စိန်ခေါ်တယ်ဆိုတဲ့ အသိတရားက သင့်ရဲ့ ဦးနှောက်ကို နှိုးဆွပေးပါတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်အသစ်တွေ၊ ဒါမှမဟုတ် စကားလုံးအသစ် တွေကို ရှာဖွေတွေ့ရှိစေတဲ့ game တွေဟာ သင့်ရဲ့ ဝေါဟာရကို ကြွယ်ဝစေဖို့အတွက် ပျော်စရာ နည်း လမ်းတွေဖြစ်ပါတယ်။

အကြံပြုချက်။ ။  Quizlet.com မှာ ဥာဏ်စမ်းတွေ၊ ဂိမ်းတွေ အများကြီးရှိပြီး ဝင်ကြည့်လို့ရပါတယ်။

၉။ ချရေးပါ

စကားလုံးအသစ်တွေကို (ဒါမှမဟုတ် စကားလုံး အသစ်ကို ထည့်သုံးထားတဲ့ ဝါကျတွေကို) ချရေးခြင်းအားဖြင့် အဓိပ္ပါယ်ရော စာလုံးပေါင်းအတွက်ပါ သင့်မှတ်ဥာဏ်ထဲမှာ စွဲလမ်းနေစေဖို့ ကူညီပေးပါတယ်။ သင် သို့မဟုတ် သင်သိတဲ့ သူတစ်ယောက် ယောက်အတွက် လက်တွေ့ကျတဲ့ အကြောင်းလေးတွေကို တွေးပြီး ရေးချပါ။

အကြံပြုချက်။ ။ အဲ့ဒီချရေး ထား၊ မှတ်ထားတဲ့ ဝါကျတွေကို ကိုယ့်အတွက်ပဲ ဒီအတိုင်း မှတ်ထားမယ့်အစား  Folding Storyလို့ခေါ်တဲ့ စာရေးတဲ့ ဂိမ်းတွေ ဆော့တဲ့ ဆိုဒ်မှာ အသုံးပြုလို့ ရပါတယ်။ ဒီဆိုဒ်ကတော့ ဝင်ကစားသူ တစ်ယောက်စီက story ဇာတ်လမ်းတစ်ပုဒ်မှာ စာတစ်ကြောင်း ဝင်ရေးလိုက်ပြီး နောက်တစ်ယောက်က နောက်တစ်ကြောင်း ဝင်ရေးကာ ဇာတ်လမ်းကို ဆက်ဆက်ပေးသွားရတဲ့ online writing game ကစားနည်းတစ်ခု ဖြစ်ပါတယ်။ ဒီအွန်လိုင်း ကစားနည်းမှာ ပါဝင်ကစားသူ တစ်ဦးဆီမှာ စာတစ်ကြောင်း ဝင်ရေးဖို့ သုံးမိနစ်သာ အချိန်ရပြီး အဲ့ဒီကန့်သတ်အချိန်အတွင်း ဝင်ရေးတဲ့ စာကြောင်းတွေအပေါ် Like ရတဲ့ အရေအတွက် အပေါ်မူတည်ပြီး အမှတ်ရပါတယ်။

၁၀။ လက်တွေ့အကြောင်း အရာတွေ အကြောင်း ပြောပါ

စကားလုံး အသစ်တွေကို ဘယ်လောက်ပဲ မှတ်မိအောင် ကျက်မှတ်ထားဦး မိမိလက်တွေ့ အသုံးပြုခါနီးမှာ လျှပ်တစ်ပြက် ထုတ်သုံးတတ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါကို ပြောင်းလဲ ပစ်ဖို့ နည်းလမ်းကတော့ အင်္ဂလိပ်လို နှစ်မိနစ် သုံးမိနစ်စာလောက် လုံးဝမရပ်ဘဲ မပြတ်တမ်းပြော တဲ့ မိမိရဲ့ အသံကို အသံပြန်ဖမ်းထားပါ။ ပြောရမယ့် အကြောင်းအရာတွေကတော့ မိမိ ပတ်ဝန်းကျင်က အရာတွေကို ပြန်ဖော်ပြတာ ဒါမှမဟုတ် တစ်ခုခုနဲ့ ပတ်သက်လို့ မိမိရဲ့ သဘောထား ထက်မြင်ချက်တွေကို ပြောတာ မျိုးတွေ ဖြစ်ပါတယ်။ ပြီးတော့မှ မိမိရဲ့ ပြောစကားတွေကို ပြန်နားထောင်ရင်း ဘယ်လိုစကားလုံး မျိုးတွေ သုံးသွားတယ်ဆိုတာ ပြန်နားထောင်ပါ။ မိမိလေ့လာထားပြီး ပြန်လည်အသုံးပြုလိုတဲ့ စကားလုံးတွေကို အသုံးပြုခဲ့ပါသလား၊စကားလုံးအသစ်တွေနဲ့ အစားထိုး ပြောလို့ရတဲ့ စကားလုံး အဟောင်းတွေကိုပဲ ပြန်သုံးခဲ့ပါသလား။ ပြီးတော့မှ မိမိပြောင်းသုံးချင်တဲ့ စကားလုံးတွေနဲ့ အစားထိုးပြီး ပြန်ပြောတာကို အသံပြန်ဖမ်းတာ ထပ်လုပ်ပါ။ ဒါဆို ပိုကောင်းပါသလား။

အကြံပြုချက်။ ။ The Polyglot Club လိုမျိုး အွန်လိုင်းဘာသာစကား လေ့လာသူများ ကလပ်ကို ဝင်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ native speaker တွေနဲ့မေးခွန်းတွေ မေးတာတို့၊ လေ့ကျင့် တာတို့ လုပ်လို့ရပါတယ်။

ဒါတွေကတော့ ကျွန်တော် ရဲ့ ထိပ်တန်းအကြံပြုချက် ၁၀ခုဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ထံမှာသင့်အတွက် အလုပ်ဖြစ်မယ့် ဒီထက်ကောင်းတဲ့ အကြံဥာဏ် တွေ၊ နည်းလမ်းတွေလည်း ရှိနိုင် ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းတစ်ခုခုရတဲ့ အထိ ဖော်ပြခဲ့တဲ့ အကြံပြုချက်တွေကို လက်တွေ့စမ်းသပ်ကြည့်ပါလေ။ အကောင်းဘက်ကနေ အမြဲတမ်း ကြည့်ပြီး မိမိလုပ်သမျှကို ကျေနပ်ပြီး ပျော်ရွှင်ပါစေ။

British Council Voices Magazine မှ Svetlana Kandybovich ၏ Ten ways to learn new words as a language learner (www.britishcouncil.org/voices-magazine/ten-ways-learn-new-words-language-learner) ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။