April 24, 2017

Workflow iOS app ကို ဘယ်လိုသုံးမလဲ

iOS app တစ်ခုဖြစ်တဲ့ Workflow ဟာ သုံးစွဲသူတွေအတွက် အလွန်အသုံးတည့်တဲ့ automation app တစ်ခုဖြစ်ပါတယ်။

Workflow app ဟာ ဖုန်းပေါ်က app တွေကို တစ်ခုချင်းစီ လိုက်လံသုံးစွဲ စရာမလိုဘဲ drag and drop လုပ်ရုံနဲ့ task တွေကို လျင်မြန်စွာ ပြုလုပ်စေနိုင်ပါတယ်။

ဥပမာ GIF ဖိုင်တစ်ခုကို ဖန်တီးပြီး အီးမေးလ်ကနေ သူငယ်ချင်းတွေကို ပို့ချင်တယ်ဆိုရင် ဒါမှမဟုတ် Facebook, Twitter, Instagram အစရှိတဲ့ လူမှုကွန်ရက်တွေကိုပေါ်ကို တစ်ပြိုင်တည်း တင်ချင်တယ်ဆိုရင် app တွေကို တစ်ခုချင်းစီ သုံးစွဲရမယ့်အစား Workflow app မှာ GIF ဖိုင်ဖန်တီးပြီး email မှာ attachment တွဲတာနဲ့ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာဝေမျှတာတွေကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ပါတယ်။

Workflow app ကို သုံးစွဲသူတွေအနေနဲ့ စတင်အသုံးပြုတဲ့အခါမှာ ကိုယ်လိုချင်တဲ့ task တွေကို Gallery ထဲကနေရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ Workflow app မှာ Contacts, Calendar, Maps, Music, Photos, Camera, Reminders, Safari, AirDrop, Twitter, Facebook, Dropbox, Evernote, iCloud Drive နဲ့ Health အစရှိတာတွေအပြင် action ပေါင်း ၂၀၀ ခန့်ကို ထည့်သွင်းပေးထားပါတယ်။
ဥပမာအနေနဲ့ ဓာတ်ပုံကို GIF အဖြစ်ပြောင်းပြီး Facebook မှာတင်တဲ့နည်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Task တစ်ခုကို ထည့်သုံးချင်တယ် ဆိုရင် Workflow app ရဲ့ အပေါ်ဘက်မှာ My Workflows နဲ့ Gallery ဆိုတာကို တွေ့ရပါလိမ့်မယ်။ Gallery ဆိုတဲ့ tab ကို နှိပ်ပါ။ GIF ဖိုင်လုပ်မှာ ဖြစ်တဲ့အတွက် Photo to GIF ဆိုတဲ့ task ကို သုံးပါမယ်။ မတွေ့ဘူးဆိုရင် Gallery ဘေးနားမှာ Search button ကိုနှိပ်ပြီး Photo to GIF ဆိုပြီးရှာလိုက်ပါ။

တွေ့ပြီဆိုရင် အဲ့ဒီ task ကို နှိပ်ပြီး Get Workflow ဆိုတာကို နှိပ်ရပါမယ်။

Photo to GIF task ဆိုတဲ့ task ကို ဖွင့်ဖို့အတွက် open ခလုတ်ကိုနှိပ်ပါ။ လက်ရှိပုံမှာ မြင်နေရတဲ့အတိုင်းဆိုရင် Camera roll ထဲက ပုံတွေကိုသာယူပြီး GIF လုပ်နိုင်မှာဖြစ်ပါတယ်။

Camera ကနေ ရိုက်လိုက်တဲ့ ဓာတ်ပုံကို GIF ဖိုင်အဖြစ်ပြောင်းမယ်ဆိုရင် camera action ကို Photo to GIF ထဲမှာ ထည့်ပေးရမှာပါမယ်။ အဲ့ဒီအတွက် အောက်ခြေမှာရှိတဲ့ Actions ဆိုတာကို နှိပ်ပါ။ Actions အောက်မှာ Photos & Video ဆိုတာကိုရှာပြီး Take Photo ဆိုတာကို ဖိထားလိုက်ရင် Photo to GIF ဆိုတဲ့ task အောက်ကို ဝင်သွားပါလိမ့်မယ်။

အီးမေးလ်နဲ့ Facebook, Instagram, Twitter တို့ကိုလည်း အဆိုပါ နည်းအတိုင်း Actions ကို နှိပ်ပြီး Apps ထဲကနေ သွားထည့်ရပါမယ်။ အီးမေးလ်နေရာမှာ ကိုယ်ပို့ချင်တဲ့ အီးမေးလ်လိပ်စာတွေကို ထည့်ပါ။

အားလုံးပြီးသွားရင် အပေါ်ဘက်မှာရှိတဲ့ play button ကိုနှိပ်လိုက်တာနဲ့ ကင်မရာ စတင်ပွင့်လာမှာဖြစ်ပြီး ဓာတ်ပုံကို စတင်ရိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ task တစ်ခုထဲမှာ ထည့်သွင်းထားတဲ့ action တွေဟာ အစီအစဉ်တကျရှိဖို့ လိုအပ်ပါတယ်။

ဓာတ်ပုံကနေ GIF ကိုအလုပ်လုပ်စေချင်တာဖြစ်တဲ့အတွက် Take Photo ဆိုတာကို ပထမအဆင့်မှာထားရပါမယ်။ ဒုတိယအဆင့်က GIF လုပ်မှာဖြစ်တဲ့အတွက် Make GIF ဆိုတဲ့ action ကို ဒုတိယအဆင့်မှာထားရပါမယ်။ တတိယ အဆင့်ကတော့ Facebook မှာ တစ်ခါတည်းတင်မှာဖြစ်တဲ့အတွက် Post on Facebook ဆိုတဲ့ action ကိုထားပြီး စတုတ္ထအဆင့်မှာတော့ အီးမေးလ်ကနေ ပို့ဖို့လုပ်ထားတဲ့အတွက် email ဆိုတဲ့ action ကို နောက်ဆုံးမှာ ထားထားရပါမယ်။ ဒါမှသာ အဆင့်လိုက် အလုပ်လုပ်ဆောင် သွားနိုင်ပါလိမ့်မယ်။

ဒါဆိုရင် play ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ လုပ်ငန်းစဉ်တွေကို တစ်ခုချင်းစီလုပ်သွားပါလိမ့်မယ်။ ဒါကတော့ Workflow မှာ action တွေထည့်သွင်းသုံးစွဲတဲ့နည်းကို ဥပမာပေးထားတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ အခြားသော task တွေနဲ့ action တွေကိုလည်း ထိုနည်းအတိုင်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

Tags: iOS, mobile