April 24, 2017

နာမည်ကျော် Automation app Workflow ကို Apple ဝယ်ယူ

Apple ဟာ နာမည်ကျော် လူသိများတဲ့ automation app Workflow ကို ဝယ်ယူလိုက်တယ်လို့ TechCrunch က ဖော်ပြခဲ့ပါတယ်။ သဘောတူညီမှု ရရှိခဲ့တဲ့ ငွေပမာဏကိုတော့ မဖော်ပြခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မှာ ပထမဆုံးဖြန့်ချိခဲ့တဲ့ Workflow ဟာ ဓာတ်ပုံတွေကို GIF များအဖြစ် ဖန်တီးခြင်း၊ ဝက်ဘ်စာမျက်နှာတစ်ခုက ပုံတွေကိုရယူခြင်း၊ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ခြင်း၊ လူမှုကွန်ရက်အများအပြားမှာ ဓာတ်ပုံတွေကို တစ်ပြိုင်နက်တင်ခြင်း စတဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို ဖန်တီးပြုလုပ်နိုင်တဲ့ automation tool တစ်ခုဖြစ်ပါတယ်။

Built-in Gallery တစ်ခု ပါဝင်တာကြောင့် သုံးစွဲသူတွေက automation task အမျိုးမျိုးကို အလျင်အမြန်ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် custom automation တွေကို ဖန်တီးနိုင်ပါတယ်။

Apple ဟာ Workflow app နဲ့အတူ Ari Weinstein, Conrad Kramer နဲ့ Nick Frey တို့ပါဝင်တဲ့ Workflow အဖွဲ့ကိုပါ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

“Apple နဲ့ပူးပေါင်းဆောင်ရွက်ရမယ့်အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ ကုမ္ပဏီကို kickstarter မှာစတင်ကတည်းကနေ Workflow ကို ဖြန့်ပြီး App Store ပေါ်မှာ အောင်မြင်မှုတွေရရှိခဲ့တဲ့အထိ ကျွန်တော်တို့က Apple နဲ့ အနီးကပ် ဆောင်ရွက်ခဲ့တာပါ။ Apple နဲ့အတူပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ကို ကျွန်တော်တို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပါတယ်” လို့ Weinstein က ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ Apple Design Award ရရှိခဲ့တဲ့ Workflow ဝယ်ယူတဲ့သတင်းကို Apple က အတည်ပြုခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဝယ်ယူခံရတဲ့ app တွေဟာ App Store ကနေ ပျောက်ကွယ်သွားလေ့ရှိပေမယ့် လက်ရှိမှာ Workflow ကို အခမဲ့ download ခွင့်ပေးထားပါတယ်။

Workflow ကို download ပြုလုပ်လို သူများအနေနဲ့ ဒီနေရာကနေ အခမဲ့ရယူနိုင်ပါတယ်။