April 23, 2017

လေ့လာစောင့်ကြည့်ရေး tool များအတွက် ကုမ္ပဏီ၏ အချက်အလက်အသုံးပြုမှုကို Facebook ပိတ်ပင်

လေ့လာစောင့်ကြည့်ရေး tool တွေအတွက် ကုမ္ပဏီအချက်အလက် အသုံးပြုတဲ့ developer တွေကို ပိတ်ပင်သွားမဲ့ ပေါ်လစီကို Facebook ကထုတ်ပြန်သွားခဲ့ပါတယ်။

“Facebook နဲ့ Instagram platform ပေါ်လစီတွေကို အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ developer တွေအနေနဲ့ လေ့လာစောင့်ကြည့်ရေးမှာ အသုံးပြုတဲ့ tool တွေထောက်ပံ့ဖို့ ကျွန်တော်တို့ဆီက အချက်အလက်တွေ ရယူလို့ မရဘူးဆိုတဲ့အချက်ကို ထည့်သွင်းလိုက်ပါတယ်” ဟု Facebook ရဲ့

တစ်ကိုယ်ရေအရာရှိလက်ထောက်အကြီးအကဲ ရော့ဘ်ရှာမန်းက ပြောဆိုခဲ့ပါတယ်။

Facebook, Twitter နဲ့ Instagram တို့ဟာ ရဲတွေ အသုံးပြုတဲ့ လူမှုရေးမီဒီယာ လေ့လာစောင့်ကြည့်ရေး ပရိုဂရမ်အတွက် သုံးစွဲသူ အချက်အလက် feed တွေကိုထောက်ပံ့ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ACLU အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချက်အလက်တွေ အကူအညီနဲ့ ရဲတွေက ကယ်လီဖိုးနီးယား၊ အုတ်ထ်လန်းနဲ့ ဘော်လ်တီးမိုးတို့မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို ခြေရာခံခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ အခုလို အခြေအနေမျိုးကို ရှောင်လွှဲဖို့ အပြောင်းအလဲပြုလုပ်ဖို့ လိုတယ်လို့ ACLU ကပြောထားပါတယ်။

Facebook ရဲ့အဓိက လုပ်ငန်းက ကြော်ငြာပါ။ Developer တွေကို trend နဲ့ အများနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို စောင့်ကြည့်နိုင်အောင် Facebook က သုံးစွဲသူ feed တွေကို အသုံးပြုခွင့်ပေးထားပါတယ်။ အဲဒီ developer တွေထဲက တစ်ဦးက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံနိုင်မဲ့ လေ့လာစောင့်ကြည့်ရေးထုတ်ကုန်တွေကို ဥပဒေအဖွဲ့အစည်းအတွက် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

ယခုပေါ်လစီဟာ ကယ်လီဖိုးနီးယား ACLU, Color of Change နဲ့ Centrer for Media Justice အပါအဝင် အဖွဲ့အစည်းများစွာရဲ့ ထောက်ခံအားပေးမှုနဲ့အတူ လပေါင်းများစွာ အားထုတ်ခဲ့တဲ့ ရလဒ်လို့ Facebook ကပြောဆိုခဲ့ပါတယ်။

Ref: CNET