April 23, 2017

Google Assistant ကို Android ဖုန်း သန်းပေါင်းများစွာတွင် အသုံးပြုနိုင်မည်

ကုမ္ပဏီရဲ့ Pixel ဖုန်း၊ Home စပီကာနဲ့ Allo messaging app မှာသာ အသုံးပြုနိုင်တဲ့ Google Assistant ကို Google Play Service သုံးထားတဲ့ Android 6.0 နဲ့အထက် ဖုန်းအားလုံးမှာ အသုံးပြုနိုင်မယ်လို့ Google က ပြောကြားလိုက်ပါတယ်။

Assistant chatbot ကို ဝက်ဘ်ရှာဖွေမှုပြုလုပ်ခြင်း၊ သက်ဆိုင်ရာ app များမှ သီချင်းနဲ့ဗီဒီယိုဖွင့်ခြင်း၊ စမတ်အိမ်အသုံးအဆောင် ထုတ်ကုန်များ ထိန်းချုပ်ခြင်းတို့အတွက် Google က ပြီးခဲ့တဲ့နှစ်မှာ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

Google Assistant သုံးနိုင်မယ့် ပထမဆုံး ဟန်းဆက်များအနက် တစ်ခုက LG G6 ဖြစ်ပါတယ်။ G6 အတွက် ဒီရက်သတ္တပတ် ကစတင်ပြီး အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနဲ့ ယူကေမှာရှိတဲ့ သုံးစွဲသူတွေ အတွက် ဖြန့်ချိထားသလို ဂျာမနီအတွက်လည်း ဂျာမန်ဘာသာစကားကို ဖြန့်ချိပေးထားပါတယ်။ လာမယ့်နှစ်အတွင်းမှာ ဘာသာစကား အများအပြားထောက်ပံ့နိုင်အောင်နဲ့ နိုင်ငံအများအပြားထံ ဖြန့်ချိနိုင်အောင် ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

Google Assistant ကို Android ဖုန်းတွေအပြင် Android Wear 2.0 စမတ်နာရီတွေမှာ အသုံးပြုနိုင်သလို တီဗီတွေနဲ့ ကားများအတွက်လည်း မကြာမီဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

Ref: TheNextWeb