April 24, 2017

CES 2017 မှာ မိတ်ဆက်ခဲ့တဲ့ Chromebook Plus ကို Samsung စတင်ရောင်းချ

CES 2017 မှာ မိတ်ဆက်ကြေညာခဲ့တဲ့ Samsung ရဲ့ ပထမဆုံး 2-in-1 Chromebook ဖြစ်တဲ့ Chromebook Plus ကို ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

Chromebook Plus ကို convertible ဒီဇိုင်းနဲ့ ရရှိနိုင်ပြီး ၁၂.၃ လက်မ touchscreen display, custom ARM chipset, 4GB RAM နဲ့ 32GB storage အပြင် stereo speaker များနဲ့ တစ်နေကုန်သုံးနိုင်မယ့် ဘက်ထရီတို့ ပါဝင်ပါတယ်။ ဒါ့အပြင် USB-C prot နှစ်ခုပါဝင်ပြီး dual-band WiFi, Bluetooth နဲ့ သိုလှောင်မှုပမာဏ တိုးမြှင့်ဖို့အတွက် microSD card slot တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ feature တွေနဲ့အတူ Android app သုံးနိုင်တဲ့ လုပ်ဆောင်ချက်သစ်ပါဝင်တဲ့ Chrome OS ကို အသုံးပြုထားပါတယ်။

Google Play Store ကို သုံးနိုင်တာကြောင့် Chromebook Plus သုံးစွဲသူတွေက ဘယ် Android app ကိုမဆို download လုပ်ပြီး အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ပုံဆွဲတာနဲ့ စာရေးဖို့အတွက် အသုံးဝင်မယ့် app တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Samsung Chromebook Plus ကို Amazon, Best Buy, Samsung နဲ့ Newegg တို့ကနေ ဝယ်ယူနိုင်ပါတယ်။ တန်ဖိုးက ၄၄၉ ဒေါ်လာပါ။ Samsung ရဲ့ Chromebook သစ်ဖြစ်တဲ့ Chromebook Pro ကိုတော့ ဧပြီလမှာ ၅၄၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: 9to5Google