April 23, 2017

နာမည်ကျော် iOS app များတွင် အချက်အလက်များ ခိုးယူနိုင်သည့် အားနည်းချက် ရှိဟုဆို

Apple ရဲ့ App Store ဟာ ပြိုင်ဘက်တွေထက် ပိုမိုလုံခြုံစိတ်ချတဲ့ app marketplace တစ်ခုဖြစ်တယ်လို့ ဆိုကြပေမယ့် နာမည်ကျော် iOS app အနည်းဆုံး ၇၆ ခုမှာ အချက်အလက်တွေကို ကြားဖြတ်ရယူနိုင်တဲ့ အားနည်းချက် ရှိတယ်လို့ လုံခြုံရေး ပညာရှင်တစ်ဦးရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အဲ့ဒီအားနည်းချက်တွေကို Sudo Security Group အမှုဆောင်အရာရှိချုပ် Will Strafach ဖန်တီးထားတဲ့ verify.ly ဝန်ဆောင်မှုကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ Download များများပြုလုပ်ခံရတဲ့ app တွေမှာ man-in-the-middle တိုက်ခိုက်မှုတွေကို တိတ်တဆိတ်လုပ်နိုင်တဲ့ အားနည်းချက်ရှိတယ်ဆိုတဲ့အကြောင်းကို iOS application တစ်ခုရဲ့ binary code ကို စစ်ဆေးပြီး လုံခြုံရေးပြဿနာတွေကို သတင်းပေးပို့ပေးတဲ့ Strafach ရဲ့ ဝန်ဆောင်မှုက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုတိုက်ခိုက်မှုမျိုးက Wi-Fi အကွာအဝေးအတွင်းမှာရှိတဲ့ သုံးစွဲသူရဲ့ထုတ်ကုန်ကို ဘယ်သူမဆို စီမံခန့်ခွဲနိုင်စေပါတယ်။ ဒါက ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်တဲ့ တိုက်ခိုက်မှုမျိုးပါ။ တိုက်ခိုက်သူက နီးကပ်တဲ့အကွာအဝေးမှာ ရှိနေခဲ့မယ်ဆိုရင် အိမ်ထဲမှာသုံးနေရင်တောင်မှ ဒီတိုက်ခိုက်မှုမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်” လို့ Strafach က သူ့ရဲ့ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်ပြီး သတိပေးပြောကြားခဲ့ပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်တဲ့ အားနည်းချက်ကိုတွေ့ရှိခဲ့တဲ့ app ၇၆ ခုရဲ့ စုစုပေါင်း download အရေအတွက်ဟာ ၁၈ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ app တွေထဲမှာ ooVoo လို နာမည်ကျော် video chat service နဲ့ Vice News အပြင် third-party Snapchat app တွေ၊ ပွာတိုရီကိုနဲ့ လစ်ဗျားက ဘဏ်တွေရဲ့ banking app တွေနဲ့ အခမဲ့ နာမည်ကျော် VPN app တွေပါဝင်တယ်လို့ သိရပါတယ်။

App တွေက အားနည်းချက်တွေကို မပြင်ဆင်မီအထိ သုံးစွဲသူများအနေနဲ့ Wi-Fi အစား ဆယ်လူလာကွန်ရက်ကိုသာ အသုံးပြုသင့်တယ်လို့ Strafach က အကြံပြုထားပါတယ်။ မိုဘိုင်းကွန်ရက်ကနေ အားနည်းချက်တွေကိုအသုံးချဖို့ ခက်ခဲတယ်ဆိုပေမယ့် တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်တဲ့ အလားအလာရှိနေသေးတယ်လို့လည်း Strafach က ပြောကြားခဲ့ပါတယ်။

Ref: IBTimes