April 23, 2017

MEIZU M5 189

အားသာချက်

ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ CPU, Graphic GPU နဲ့ မှတ်ဉာဏ်ပိုင်း၊ ကင်မရာပိုင်းတွေမှာ သင့်တင့်ကောင်းမွန်ပါတယ်။ ဖုန်းအချက်အလက် လုံခြုံရေးအတွက် Fingerprint စနစ် ပါဝင်တဲ့အပြင် iPhone တွေမှာ အသုံးပြုတဲ့ iCloud လိုမျိုး အသုံးပြုနိုင်တဲ့ Flyme အကောင့်စနစ်လည်း ပါဝင်ပါတယ်။ ကင်မရာ ပိုင်းမှာလည်း စုံလင်တဲ့ ဓာတ်ပုံအသုံးပြု စနစ်တွေ ပါဝင်ပါတယ်။

အားနည်းချက်

Dual Sim ဖုန်းဖြစ်ပေမယ့် Sim ကတ်တစ်နေရာဟာ SD Card နဲ့ အတူတွဲထားတာကြောင့် SD Card ကိုအသုံးပြုမယ် ဆိုရင်တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပတယ်လို့ ဆိုနိုင်ပါတယ်။ ပုံစံဒီဇိုင်းဟာ iPhone နဲ့ ဆင်တူပြီး ရှေ့ဘက်မြင်ကွင်း အောက်ဘက်မှာ Home Key ကို တပ်ဆင်ပေးထားပါတယ်။ Home Key တစ်ခုပဲ ပါဝင်ပြီး Back Key, Menu Key တွေ မပါဝင်ပါဘူး။ Home Key ဟာ Mouse Pad တစ်ခုလိုဖြစ်ပြီး Home Key ကိုဘယ်ညာ ပွတ်ပြီး Back စနစ်တွေကို အသုံးပြုရမှာပါ။ နောက်ဘက်ကာဗာ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက် ပေးထားတာဖြစ်ပြီး ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၇၃ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၂၈ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၂ စင်တီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၁၃၈ ဂရမ်ဖြစ်ပြီး ကိုင်တွယ်အသုံးပြုချိန်မှာ ပေါ့ပါးခြင်းကို ခံစားရမှာပါ။ စပီကာကတော့ ဖုန်းအောက်ခြေ ဘောင်ပေါ် ညာဖက်မှာ တပ်ဆင်ထားပြီး စပီကာတစ်ဘက်ပဲ ပါမှာပါ။

မြင်ကွင်း

၅.၂ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 720 x 1280 Pixels (~282 ppi pixel density) ထိရှိမှာပါ။

နည်းပညာ

နည်းပညာပိုင်း အတွက်တော့ MEIZU ရဲ့ Flyme Account စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး ဒီစနစ်ဟာ ဖုန်းရဲ့ လုံခြုံရေးအတွက် ကောင်းမွန်သလို အသုံးပြုသူအတွက်လည်း Password တွေကို ဂရုစိုက်သင့်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း အသုံးပြုနိုင်တဲ့ နည်းစနစ်တွေ အများအပြား ပါဝင်တဲ့အပြင် ဓာတ်ပုံတွေ ပြုပြင်ခြင်း အတွက်လည်း စုံလင်တဲ့ Edit စနစ်တွေ ပါဝင်ပါတယ်။ မြန်မာစာတစ်ပါတည်း ပါဝင်ပြီး မြန်မာစာကီးဘုတ် အတွက်တော့ ဖုန်းထဲကနေ Download ပြန်လည်ပြုလုပ်ပြီး အသုံးပြုရမှာပါ။ Home တစ်ခုပဲပါဝင်မှာဖြစ်ပြီး Home Key ဟာ ကွန်ပျူတာ Mouse Pad လိုမျိုး အသုံးပြုရမှာပါ။ Fingerprint စနစ်ဟာလည်း ဖုန်း Lock စနစ်အပြင် Vault, App Lock, Guest mode အစရှိတဲ့ စနစ်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ MEIZU M5 ဟာဖုန်းမှာ အသုံးပြုထားတဲ့ CPU, GPU, Memory ပိုင်းတွေနဲ့ ကင်မရာပိုင်းတွေမှာ အဆင်ပြေကောင်းမွန်တဲ့ ဖုန်းပါပဲ။ ဖုန်းရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင်လည်း သုံးပျော်တယ်လို့ ဆိုရမှာပါ။ Fingerprint စနစ်အပါအဝင် အခြား ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေကလည်း သင့်တင့်စုံလင်ပါတယ်။ တန်ဖိုးသင့် စမတ်ဖုန်း တစ်လုံးဖြစ်တဲ့အတွက် မြင့်မားတဲ့ နည်းပညာ အသစ်အဆန်းတွေကိုတော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒီဖုန်းမှာ Google Service တွေကို တစ်ခုမှ မြင်တွေ့ရမှာ မဟုတ်ပေမယ့် ကိုယ်တိုင် Download ပြုလုပ်ပြီး ပြန်လည်ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ ပုံစံဒီဇိုင်းလှပပြီး ကိုင်တွယ် အသုံးပြုရတာလည်း လက်ထဲမှာ အဆင်ပြေပါတယ်။

Meizu-M5_TKK_Google_Review_5Jan2017.jpg

Network      GSM – 2G/ 3G/ 4G
SIM              Dual SIM (Nano Sim Dual Standby)
OS               Android OS, v6.0
CPU            Octa-core 1.5 GHz Cortex-A53
GPU            Mali-T860MP2
Memory      Internal 16GB, 2GB RAM , Micro SD 256GB
Camera       13 MP, f/2.2, phase detection autofocus,dual-LED (dual tone) flash, Geo-tagging,
touch focus, face detection, Video, Front 5 MP, f/2.0
Wi-Fi           802.11 a/b/g/n, dual-band, hotspot
Bluetooth   v4.0, A2DP, LE
Battery        3070 mAh Battery

သူတို့အမြင်

မစိုးစိုးမေ (အသုံးပြုသူ)

Meizu M5 ကိုဘာကြောင့် သုံးလဲဆိုတော့ အဓိကကတော့ ဈေးနှုန်းသက်သာလို့လို့ ပြောရမယ်။ ဒီဖုန်းက ဈေးကလည်း နှစ်သိန်းမပြည့်ဘူး။ ဖုန်းရဲ့ ဒီဇိုင်းကလည်း iPhone နဲ့ဆင်တယ်။ ကိုင်ရတာလည်း လက်ထဲမှာ ကောင်းပါတယ်။ ဒါပေမယ့် ဖုန်းကိုဝယ်ဖို့ စပြီးကြည့်တဲ့ အချိန်မှာတော့ Google စနစ်တွေ ဘာမှမပါတဲ့အတွက် ဆိုင်ကိုတော့ မေးလိုက်သေးတယ်။ ဒါပေမယ့် Playstore တွေဘာ တွေကို ဒီတိုင်း Download လုပ်ပြီး ထည့်လိုက်လို့ ရတယ်ဆိုတော့ အခက်အခဲတော့ မရှိပါဘူး။ မြန်မာစာကလည်း အဆင်ပြေတဲ့အတွက် ဒီဖုန်းကို ကြိုက်ပါတယ်။

ကိုအောင်ဇင် (စမ်းသပ်အသုံးပြုသူ)

Meizu ကို သဘောကျတယ်။ အဓိကကသူ့ရဲ့ ဒီဇိုင်းလေးတွေကို သဘောကျတယ်လို့ ပြောရမယ်။ ဖုန်းရဲ့ ဒီဇိုင်းလေးတွေက မဆိုးဘူး။ ပြီးတော့ Home Key ပေါ်မှာ အသုံးပြုရတဲ့ Mouse Pad စနစ်ကိုလည်း သဘောကျပါတယ်။ ပြီးတော့သူ့မှာ အဓိကကောင်းတဲ့ အချက်တစ်ခုက Flyme Account စနစ်ပေါ့။ ဒီစနစ်က ဖုန်းကို Password မှားဖွင့်တာလို့ ဖုန်း Lock ကျတာတို့၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖုန်းကပျောက်သွားတာတို့ ဆိုရင် Flyme စနစ်က ကိုယ့်ရဲ့ အချက်အလက်တွေအတွက် ကောင်းကောင်း ကာကွယ်ပေးထား နိုင်တယ်ဆိုတာ တွေ့ရတယ်။ အရင်ကလည်း Meizu ဖုန်း တစ်လုံး ကျွန်တော် သုံးခဲ့ဘူးတယ်။ အဲဒီတုန်းက ဖုန်းရဲ့ Password တွေ မှားဖွင့်မိလို့ Lock ကျသွားတာ ဘာမှလုပ်မရတော့ဘူး။ Flyme အကောင့်ကို သိမှဖွင့်လို့တာ သူက။ အဲဒါကို သဘောကျတယ်။

ကိုအောင်သူ (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက ဈေးနှုန်းလေးလည်း မဆိုးဘူးပြောရမယ်။ ဖုန်းထဲမှာ သုံးလို့ရတဲ့ စနစ်လေးတွေကလည်း အရမ်းအမြင့်ကြီးတွေ ထူးထူးဆန်းဆန်းတွေ သိပ်မပါပေမယ့် ပုံမှန်သုံးဖို့အတွက်တော့ စုံစုံလင်လင်လေး ပါတယ်လို့ ပြောလို့ရတယ်။ ကင်မရာပိုင်းမှာလည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် စနစ်တွေ စုံစုံလင်လင် ပေးပါတယ်။ မှတ်ဉာဏ်ပိုင်းကလည်း အသင့်အတင့်ပါပဲ။ ဒါပေမယ့် ခုလက်ရှိ Memory မြင့်ပြီး ဈေးသက်သာတဲ့ ဖုန်းတွေလည်း ရှိတာပေါ့နော်။ M5 မှာလည်း 32GB လောက်ဆိုရင်တော့ ဒီဖုန်းက ဒီထပ်ပိုပြီး လူကြိုက်များနိုင်မယ်လို့ ကျွန်တော်ထင်မိတယ်။

  

  

ဒီဖုန်းမှာတော့ Google Service တွေကို ဘာမှမြင်တွေ့ရမှာ မဟုတ်ပါဘူး။ အသုံးပြုတဲ့သူက Google စနစ်တွေကို အသုံးပြု ချင်တယ် ဆိုရင်တော့ ကိုယ်တိုင် ထည့်သွင်းအသုံးပြုရမှာပါ။ M5 မှာတော့ Hot Apps စနစ်နဲ့ App Store ဆိုတဲ့စနစ် ပါဝင်ပါတယ်။ ဒီ နေရာကနေ ကိုယ်အသုံးပြုချင်တဲ့ App တွေကို ရယူနိုင်ပါတယ်။ ဖုန်းအသုံးပြုသူရဲ့ အချက်အလက်တွေ ကာကွယ်ပေးနိုင်တဲ့ Flyme Account ဆိုတဲ့ စနစ်လည်း ပါဝင်ပါတယ်။

  

ဖုန်းရဲ့ Language & Time ဆိုတဲ့ စနစ်ထဲမှာ မြန်မာစာဖောင့် စနစ်ပါဝင်ပါတယ်။ ဒါပေမယ့် Language ထဲမှာ မြန်မာစာကို ပြောင်းလိုက်ရင် ဖုန်းတစ်ခုလုံး မြန်မာလို ဖြစ်သွားမှာပါ။ Facebook နဲ့ Message တွေကို မြန်မာလို မြင်တွေ့ချင်တယ် ဆိုရင်တော့ Region ဆိုတဲ့ နေရာမှာ မြန်မာကို ရွေးပေးလိုက်ရင် ရပါပြီ။

ဒါပေမယ့် ကီးဘုတ်ကတော့ ကိုယ်တိုင်ပြန်ပြီး Download ပြုလုပ်ပြီး အသုံးပြုရမှာပါ။ ကီးဘုတ်စနစ်ကို Download လုပ်ချင်တယ် ဆိုရင်တော့ စာရိုက်တဲ့ ကီးဘုတ်စနစ်ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ကီးဘုတ်ရဲ့ အပေါ်မှာပါတဲ့ ကမ္ဘာလုံးပုံလေးကို နှိပ်ပါ။ အဲ့ဒီနေရာမှာ Add Language ဆိုတာ ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကီးဘုတ်တွေကို Download ပြုလုပ်နိုင်တဲ့ နေရာကို ရောက်ပါလိမ့် မယ်။ အဲဒီထဲမှာ ကိုယ်လိုချင်တဲ့ Keyboard ကို Download လုပ်နိုင်ပါတယ်။

  

  

ဖုန်းနဲ့ Screenshot ပြုလုပ်တဲ့ အခါမှာတော့ ဖုန်းရဲ့ Volume Down Key နဲ့ ပါဝါခလုတ်တို့ကို အတူတွဲဖတ်နှိပ်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Screenshot လုပ်တဲ့ အခါမှာလည်း ပုံမှန် Screenshot အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Capture long screenshot ဆိုတဲ့စနစ် ပါဝင်ပါတယ်။

ကင်မရာနဲ့ အတူတွဲဖက် အသုံးပြုနိုင်မယ့် စနစ်တွေကို နောက်ဘက် ကင်မရာမှာရော ရှေ့ကင်မရာမှာပါ စုံစုံလင်လင် ထည့်သွင်းပေးထား ပါတယ်။ ဒါ့အပြင် ဓာတ်ပုံ ပြုပြင်တဲ့ စနစ်တွေကိုလည်း စုံစုံလင်လင် ထည့်သွင်း ပေးထားပါတယ်။

  

  

ဘက်ထရီ အသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power saving စနစ် ပါဝင်ပါတယ်။