April 23, 2017

HTC Desire 626G+

အားသာချက်

ဒီဖုန်းဟာ ဈေးနှုန်းသင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU စနစ်ဟာ မြင့်မား ကောင်းမွန်တဲ့အပြင် အခြား Hardware စနစ်ပိုင်း တွေမှာလည်း မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာမြန်မာစာ စနစ်တစ်ပါတည်း ပါဝင်တဲ့အပြင် သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်မယ့် Blinkfeed စနစ်လည်း ပါဝင်တာ တွေ့ရပါတယ်။ ကင်မရာပိုင်း မှာလည်း HTC ရဲ့ Zoe ကင်မရာကို အသုံးပြုနိုင်ပါတယ်။

အားနည်းချက်

ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်က နည်းပါတယ်။ မှတ်ဉာဏ်ဟာ 8GB ပါဝင်ပေမယ့် အသုံးပြုတဲ့ အချိန်မှာတော့ 5GB ကျော်ကျော်လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုချင်တယ် ဆိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုရ ပါလိမ့်မယ်။

ဒီဇီုင်း

ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ HTC ရဲ့ Desire 816 ရဲ့မျိုးဆက်သစ် ပုံစံမျိုးပါ။ 816 နဲ့ပုံစံချင်း ဆင်တူတယ်လို့ ထင်ပေမယ့်အရွယ် အစားပိုင်းမှာတော့ 816 နဲ့ကွဲပြား ခြားနားပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှုဖြစ်ပြီး  Dual Tone Color လို့ခေါ်တဲ့ နှစ်ရောင်စပ် ပလတ်စတစ် ကိုယ်ထည်မျိုးပါ။ မျက်နှာပြင်ဟာ ကျယ်ပြန့်ပြီး ဘေးဘောင်တွေဟာ ပါးတဲ့အတွက် မျက်နှာပြင် အပြည့်ပုံစံမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဘက် ကာဗာဟာ ဖြုတ်လို့တပ်လို့မရတဲ့ ကာဗာအသေဖြစ်ပြီး ပုံစံဒီဇိုင်း လှပသေသပ်တယ်လို့ ဆိုရမယ့် ဖုန်းဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့်ဟာ ၁၄.၆၉ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၀၉ စင်တီမီတာ ရှိပါတယ်။ ဖုန်းရဲ့အရွယ်အစားဟာ လက်ထဲမှာ ကိုင်တွယ်အသုံးပြုချိန်မှာ ကြီးမားလွန်းခြင်း မရှိဘဲ လက်နဲ့အံဝင်ခွင်ကျ ရှိနေတာကို ခံစားနိုင်ပါတယ်။ ထုထည်ကတော့ ၀.၈၂ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးတယ်လို့ ဆိုနိုင်တဲ့အပြင် အလေးချိန်ဟာလည်း ၁၃၈ ဂရမ်ပဲရှိတဲ့အတွက် ပါးတဲ့အပြင် ပေါ့ပါးတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။

ကွန်ရက်

GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Nano Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစား ဖြစ်တဲ့အပြင် Sim Slot နှစ်ပေါက်စလုံးဟာ 3G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

မြင်ကွင်း

Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး ပုံမှန် Capacitive touch screen အမျိုးအစားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel (~294 ppi pixel density) ရှိပါတယ်။

နည်းပညာ

အဓိက ပြောင်းလဲသွားတဲ့ နည်းပညာ တစ်ခုကတော့ ကီးဘုတ်စနစ်ပဲ ဖြစ်ပါတယ်။ မြန်မာစာ ကီးဘုတ်စနစ်မှာ HTC ဟာအရင်တုန်းက အသုံးပြုခဲ့တဲ့ ကီးဘုတ် Layout ပုံစံမျိုး မဟုတ်တော့ပဲ ကောင်းမွန်တဲ့ ကီးဘုတ်စနစ် အသစ်ကိုပြောင်းလဲ အသုံးပြုလာတာ တွေ့ရမှာပါ။ နည်းပညာပိုင်းမှာတော့ ဒီဖုန်းဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြည့်စုံတဲ့ စနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်တဲ့အတွက် မြင့်မားတဲ့ နည်းပညာ ပိုင်းတွေကို အသုံးပြု ထားတာမျိုး မဟုတ်ပဲ အသုံးပြုသူတွေအတွက် စနစ်တွေကို စုံစုံလင်လင်နဲ့ အကောင်းဆုံး အသုံးပြု နိုင်ဖို့အတွက် ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဖုန်းထဲမှာတင် Video တွေကို Edit ပြုလုပ်ဖြတ်တောက်ခြင်း၊ ဆက်ခြင်းတွေကို ပြုလုပ်နိုင်မယ့် Movie Studio စနစ်၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်အဖြစ် ပြုလုပ်နိုင်မယ့် HighLights စနစ်တွေအပြင် ဓာတ်ပုံပြုပြင်နိုင်မယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ ဖောင့်စနစ်အတွက်လည်း ဇော်ဂျီမြန်မာစာစနစ် တစ်ပါတည်း ပါဝင်ပါတယ်။ ဓာတ်ပုံရိုက်ခံသူက ပြုံးမှ အလိုအလျောက် ဓာတ်ပုံရိုက်ပေးမယ့် Smile Shutter စနစ်နဲ့ Facedetection, HDR အစရှိတဲ့ ကင်မရာ စနစ်တွေကိုလည်း  အသုံးပြုနိုင်ပါတယ်။ Android ဖုန်းအမျိုးမျိုးအပြင် iPhone တွေနဲ့ပါ Bluetooth စနစ်ချိတ်ဆက် အသုံးပြုနိုင်မယ့် Get  Content  from  another  phone ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

CPU ကတော့ Octa-core 1.7 GHz Cortex-A53 CPU ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု  ရှိနေတဲ့အပြင် ဂရပ်ဖစ်စနစ် အတွက်လည်း Mali-T760MP2 GPU ကိုထည့်သွင်း အသုံးပြုထား တွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD ကို 32GB ထိထပ်မံ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.4 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 13 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth v4.0, A2DP, apt-X စနစ်နဲ့ micro USB v2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Po 2000 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ အရွယ်အစားပိုင်းနဲ့ ကိုင်တွယ် အသုံးပြုခြင်း အပိုင်းမှာ အဆင်ပြေတာကို တွေ့ရပါတယ်။ ပုံစံဒီဇိုင်းကလည်း ကောင်းမွန်တဲ့အပြင် Sim Card နှစ်ကတ် အသုံးပြုနိုင်ပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်လို့ ဆိုရမယ့်ဖုန်းပါ။ ဖုန်းမှာ အသုံးပြုထားတဲ့ ကင်မရာ၊ CPU အစရှိတဲ့ စနစ်တွေဟာ မြင့်မားတဲ့အတွက် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ သုံးပျော်တယ်လို့ ဆိုနိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုစနစ်တွေ အတွက်လည်း စနစ်တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ မှတ်ဉာဏ်ကတော့ 5GB လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုမယ် ဆိုရင်တော့ SD Card ကို အသုံးပြုရ ပါလိမ့်မယ်။