5x မိုဘိုင်း ကင်မရာနည်းပညာသစ်ကို MWC 2017 မှာ ပွဲထုတ်မိတ်ဆက်မယ့် OPPO

လာမယ့်ရက်သတ္တပတ်မှာ ကျင်းပမယ့် MWC 2017 ပြပွဲမှာ 5x စမတ်ဖုန်း ကင်မရာ နည်းပညာ တစ်မျိုးကို ပွဲထုတ်မိတ်ဆက် သွားမယ်လို့ တရုတ်ဟန်းဆက် ကုမ္ပဏီ OPPO က ကြေညာလိုက်ပါတယ်။

အဲ့ဒီနည်းပညာကို ဖေဖော်ဝါရီ ၂၇ ရက် Barcelona မြို့မှာ ပွဲထုတ်သွားမယ်လို့ ကုမ္ပဏီက တည်ပြုခဲ့ပါတယ်။

OPPO ရဲ့ MWC ဖိတ်ကြားလွှာမှာ ဖော်ပြထားချက်အရ 5x စမတ်ဖုန်းကင်မရာ နည်းပညာသစ်ဟာ optical zoom feature ဖြစ်နိုင်ပြီး အဲ့ဒီ နည်းပညာသစ်ကို ဒီနှစ်အတွင်းမှာ ဖြန့်ချိမယ့် OPPO ရဲ့ ဟန်းဆက်သစ်တွေမှာ တွေ့မြင်ရဖွယ်ရှိပါတယ်။

OPPO ရဲ့ နည်းပညာသစ်ဟာ ကာလကြာရှည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ R&D လုပ်ငန်းစဉ်တစ်ခုရဲ့ ရလဒ်ဖြစ်ပြီး သုံးစွဲသူများက အရင်နဲ့မတူတဲ့ အသေးစိတ်ကျတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်လိမ့်မယ်လို့ ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Sky Li က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် MWC မှာလည်း OPPO က ဘက်ထရီ နည်းပညာကို ပွဲထုတ်ပြသခဲ့ပါတယ်။

“5x နည်းပညာကို ပွဲထုတ်ပြသဖို့ MWC ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းက သုံးစွဲသူတွေကို အံ့အားသင့်ဖွယ်ရာ အတွေ့အကြုံတွေ ပေးစွမ်းနိုင်မယ့် တီထွင်ဆန်းသစ်တဲ့ ထုတ်ကုန်တွေကို ဆက်လက်ဖန်တီးဖို့အတွက် မြင့်မားတဲ့ ရည်မှန်းချက်ကြောင့် ဖြစ်ပါတယ်” လို့ Li က ပြောကြားခဲ့ပါတယ်။

တရုတ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က Super VOOC Flash Charge ဘက်ထရီ နည်းပညာကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲ့ဒီနည်းပညာဟာ 2500mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။

Ref: NDTV