October 20, 2017

$100 laptop (XO)

XO သည် သုံးစွဲသူ အများအပြားထံ ရောင်းချရန် ရည်မှန်းထုတ်လုပ်ခဲ့သော ဒေါ်လာ ၁၀၀ တန် laptop ၏ ပထမဦးဆုံး ဗားရှင်းဖြစ်သည်။ ဒေါ်လာ ၁၀၀ တန် laptop သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျေးလက်ဒေသများတွင် ဒီဂျစ်တယ်ကွာဟမှု ကျဉ်းမြောင်းစေရန်နှင့် အချက်အလက် ဝန်ဆောင်မှု ထောက်ပံ့ပေးရန်အတွက် ကွန်ပျူတာ ကုမ္ပဏီအချို့နှင့် ပညာရှင်များက မျှော်လင့်ခဲ့ကြသည်။ MIT ၏ Media Lab တည်ထောင်သူနှင့် One Laptop per Child (OLPC) တွဲဖက်တည်ထောင်သူ နီကိုလပ်စ် နီဂရိုပွန်တီသည် မူလက ဒေါ်လာ ၁၀၀ တန် laptop ကို အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများ၏ ဆင်းရဲမှုကို လျှော့ချနိုင်ရန်နှင့် ပညာရေးကို အားပေးတိုက်တွန်းစေရန်အတွက် ရည်ရွယ်ခဲ့သည်။

OLPC စီမံကိန်းသည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံ ၈ နိုင်ငံသို့ laptop ၂,၅၀၀ နီးပါးခန့် ဖြန့်ချိရန် စီစဉ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် laptop ၅ သန်း ထုတ်လုပ်ရန် ရည်ရွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် သန်း ၅၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းခဲ့သည်။

XO ဟုခေါ်သော ဒေါ်လာ ၁၀၀ တန် laptop သည် ကျောင်းစာအုပ်တစ်အုပ် အရွယ်ခန့်သာရှိပြီး အလေးချိန်မှာ ၁.၅ ကီလိုဂရမ်အောက်သာရှိသည်။ Laptop ကို ပိတ်ထားသည့်အခါ keyboard နှင့် display တို့က laptop အတွင်း ဖုန်နှင့် ရေတို့ မဝင်စေရန် လုံခြုံစွာ ကာကွယ်ပေးသည်။ ၇.၅ လက်မ 1200 x 900 pixel LCD screen ကို အသုံးပြုထားသည်။ Display သည် ပတ်ဝန်းကျင် အလင်းအပေါ်မူတည်ကာ ကာလာမှ အဖြူအမဲသို့ ပြောင်းလဲပေးသည်။ ဘက်ထရီကို တစ်မိနစ် အားသွင်းလျှင် ၁၀ မိနစ်ခန့် သုံးနိုင်သည်။ Web cam တစ်ခုနှင့် သီချင်းဖန်တီးနိုင်မည့် program များ ပါဝင်သည်။