July 26, 2017

14th Hitachi Young Leaders Initiative (HYLI) ပါဝင်သူ မြန်မာလူငယ်နှစ်ဦးနှင့် အင်တာဗျူး

Hitachi မှ ကြီးမှူးကာ အရှေ့တောင်အာရှ၏ အနာဂတ် ခေါင်းဆောင်များကို မြေတောင်မြှောက်ပေးရန် ရည်ရွယ်ပြီး (၁၄) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် 14th Hitachi YoungLeaders Initiative (HYLI) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့၊ ဆူးလေရှန် ဂရီလာဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအပါအ၀င် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်နှင့် ဗီယက်နမ်အစရှိသည့် နိုင်ငံအသီးသီးမှ ကျောင်းသူ၊ ကျောင်းသားများက မြို့ပြထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်သည့် အကြောင်းအရာများကို အဓိကထား ဆွေးသွားအပြင် မိမိတို့နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုများကိုလည်း ဖလှယ်ခဲ့ကြသည်။

မြန်မာကိုယ်စားပြု တက်ရောက်ရန် ရွေးချယ်ထားသူ လေးဦးမှာ မချယ်ရီဝေ (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)၊ မအိအိသိမ့် (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)၊ ဒေါက်တာ နှင်းသန့်ဇင်ဦး (သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်)၊မကြူကြူရှိန်မိုး (သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ရန်ကုန်) တို့ဖြစ်သည်။ ယင်းတို့အထဲမှာ ဒေါက်တာ နှင်းသန့်ဇင်ဦးနှင့် မအိအိသိမ့်တို့အား အင်တာနက်ဂျာနယ်မှ မေးမြန်းထားခြင်းဖြစ်ပါသည်။

နာမည်နဲ့ ကျောင်းကို မိတ်ဆက်ပေးပါခင်ဗျာ။

ညီမနာမည်ကတော့ အိအိသိမ့်ပါ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်စာလေ့လာနေပါတယ်။

ဒီပရိုဂရမ်မှာ ရွေးချယ်ခံခဲ့ရတဲ့အတွက် ဘယ်လိုအကျိုးရလာဒ်တွေရမယ် ထင်ပါသလဲ။

အရမ်းဝမ်းသာပါတယ်၊ နိုင်ငံတကာက ကျောင်းသားတွေနဲ့လည်း တွေ့ရတယ်။ ပြီးတော့ သူတို့ရဲ့ မတူညီယဉ်ကျေးမှုတွေကိုလည်း သိခွင့်ရတယ်။ အရမ်းဝမ်းသာမိပါတယ်။

ဒီအစီအစဉ်ကို ပထမဆုံးအနေနဲ့ လျှောက်ဖြစ်တာလား။

ဟုတ်ကဲ့။ ပထမဦးဆုံးပါ။

အရင်တုန်းက ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး သိပါသလား။

စခေါ်တုန်းက ညီမတို့ကို ဆရာက ပြောတယ်။ ဒီအစီအစဉ်ကို ကျင်းပနေတာက ၁၉၉၆ ခုနှစ်ကပေါ့နော်။ ဒါပေမဲ့ မြန်မာနိုင်ငံပါလာတာက ၂၀၁၅ ခုနှစ်မှာပေါ့။ ဒီအစီအစဉ်က နှစ်နှစ်တစ်ခါ ကျင်းပတာလေ။ အဲဒီအကြောင်းလေးတော့ သိထားပါတယ်။

ဒီပရိုဂရမ်ကို တက်ရောက်ခြင်းအားဖြင့် ဘာတွေရခဲ့ပါသလဲ။

အများကြီး ရပါတယ်။ ပထမဦးဆုံးတော့ ညီမတို့အဖွဲ့လေးဖွဲ့ ဖွဲ့တယ်။ အဲဒီအထဲမှာဆိုရင် တစ်နိုင်ငံကို ကျောင်းသားတစ်ယောက်စီ ပါတယ်။ အဲဒီတော့ ညီမတို့အနေနဲ့ နံပါတ်တစ် Communication skill တွေ တိုးတက်နိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေလည်း ပိုရတယ်။

ဒီအစီအစဉ်က ရရှိတဲ့အရာတွေက ဒီအစီအစဉ်ပြီးသွားရင် ဘယ်လိုနေရာတွေမှာ အသုံးချနိုင်မယ်လို့ ထင်ပါသလဲ။

အထူးသဖြင့်တော့ ကိုယ့်ရဲ့ Personal Skill ကတော့ တိုးတက်မယ်ထင်တယ်။ ညီမပြောသလိုပဲ ကိုယ့်ရဲ့ Communication skill တိုးတက်သလို ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ရှိလာတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဘာတွေဆောင်ရွက်ခဲ့ရ ပါသလဲ။

ပထမဆုံး လျှောက်တဲ့အခါ ဆွေးနွေးတာတွေ လုပ်ဖို့အတွက် Panel discussion တွေလုပ်ရတယ်၊ ပြီးခဲ့တဲ့နှစ်ရက်လုံးမှာ Panel discussion တွေ နားထောင်ရတယ်၊ ကိုယ့်အဖွဲ့နဲ့ကို ဆွေးနွေးရတယ်၊ ပြီးတော့ နောက်ဆုံး ညကျရင် ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် ဖျော်ဖြေရမယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အမှတ်တရ ပြောချင်တာတွေရှိရင်လည်း သိချင်ပါတယ်။

ဟုတ်ကဲ့။ ညီမအတွက် သူငယ်ချင်း အသစ်တွေလည်း အများကြီးရတယ်၊ ကိုယ်မလုပ်ဖူးတဲ့အရာတွေလည်း လုပ်ခွင့်ရခဲ့တယ်ဆိုတော့ အတွေ့အကြုံသစ်တွေ ရခဲ့ပါတယ်။

နာမည်နဲ့ ကျောင်းကို မိတ်ဆက်ပေးပါခင်ဗျာ။

ဒေါက်တာ နှင်းသန့်ဇင်ဦးဖြစ်ပါတယ်၊ လက်ရှိအနေနဲ့ကတော့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ သင်တန်းကို တက်ရောက်နေပြီးတော့ ကျမ်းပြုစုတဲ့အပိုင်းကို ရောက်ရှိနေပါပြီ။ ဒီအစီအစဉ်ကို ပါဝင်ဖြစ်တာကတော့ ကျွန်မကပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမှာ urbanizationနဲ့ ပတ်သက်တဲ့ဘာသာရပ် ပါဝင်တဲ့အတွက်ကြောင့် ပါဝင်ဖြစ်တာပါ၊

ဘယ်လို အကြောင်းတွေ ဆွေးနွေးသွားဖို့ရှိပါသလဲ။

ဒီမှာက urbanization နဲ့ ပတ်သက်ပြီး လတ်တလောမှာ ကျွန်မတို့ နိုင်ငံအတွက် ကြုံတွေ့ နေရတဲ့ ပြဿနာတွေက ဘယ်လိုရှိတယ်၊ တစ်ခြားနိုင်ငံတွေရဲ့ ပြဿနာတွေက ဘယ်လိုရှိတယ်ဆိုတာတွေကို ဘယ်လိုဖြေရှင်းကြသလဲ ဆိုတာတွေကို အဲဒါတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့အပေါ် ရွေးချယ်ခံရတဲ့အတွက် အရမ်းလည်း ၀မ်းသာပါတယ်။ ကိုယ့်နိုင်ငံဖြစ်တဲ့အတွက်လည်း တစ်ခြားနိုင်ငံက ကျောင်းသားတွေကို ကိုယ့်နိုင်ငံရဲ့ ဓလေ့တွေ ယဉ်ကျေးမှုတွေ နေရာတွေ အကုန်လုံးကို ပြောပြလိုက်ပြခွင့် ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။

ဒီသုံးရက်အတွင်း (သုံးရက် မြောက်နေ့တွင် မေးမြန်းခဲ့ခြင်းဖြစ်ပါသည်) မှာ ဘာတွေလေ့လာ ခဲ့ရပါသလဲ။

ဒီသုံးရက် အတွင်းမှာ ပြည်တွင်း၊ ပြည်ပပညာရှင်တွေနဲ့ဆွေး နွေးပွဲတွေ လုပ်ကြတယ်၊ Urbanization နဲ့ပတ်သက်ပြီး သူတို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းသလဲ ညီမတို့နိုင်ငံမှာ ကြုံတွေ့နေတဲ့ ပြဿနာကဘာလဲ ဆိုတာတွေကို ဆွေးနွေးတယ်၊ အဲဒီကရတဲ့ ရလာဒ်တွေကို မနက်ဖြန် ကျလို့ရှိရင် ကျောင်းသားတွေပေါင်းပြီးတော့ Group ဖွဲ့ထားတယ်၊ အဲဒါကို Presentation လုပ်ရမှာဖြစ်ပါတယ်၊ လေးဖွဲ့ရှိတယ်၊ ရန်ကုန် urbanization အတွက်ကို အာဆီယံကျောင်းသားတွေ ၀ိုင်းစဉ်းစားပေးထားတဲ့ အဖြေကို Presentation လုပ်ရမှာပေါ့၊ အဲဒီကနေတစ်ဆင့်မှ လုပ်ထားတဲ့ရလာဒ်ကို Hitachi က လူကြီးတွေက ညီမတို့ရလာဒ်ကို ကြည့်မယ်၊ ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေပြီးတော့ တာဝန်ရှိတဲ့အပိုင်း Government အပိုင်းရော၊ Private အပိုင်းရော သက်ဆိုင်ရာတာဝန်ရှိသူတွေက ထပ်ဆွေးနွေးပြီးတော့ ဘယ်လိုထပ်ပြီး ကောင်းအောင်လုပ်မလဲဆိုတဲ့ ရလာဒ်တွေရလာမှာပါ။

ဒီအခမ်းအနားပြီးရင် ဒီအခမ်းအနားကရတဲ့ အသိပညာတွေက ပြင်ပမှာ ဘယ်လိုအသုံးချလို့ ရနိုင်ပါသလဲ။

ရပါတယ်။ အထူးသဖြင့် မြို့ပြစီမံကိန်းတွေနဲ့ ပတ်သက်ပြီးအတွေ့အကြုံ အများကြီးရပါတယ်။ တစ်ခြားနိုင်ငံတွေကလုပ်နေတဲ့ နည်းပညာတွေကို ညီမတို့ ကြည့်လို့ရတယ်၊ နည်းပညာပိုင်းတွေ သူတို့နိုင်ငံမှာဒီလို Smart City ဖြစ်ဖို့ ဘယ်လိုတွေ လုပ်နေသလဲဆိုတာ အဲဒါတွေ အကုန်လုံး ပညာရပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီးအမှတ်တရ ဖြစ်ခဲ့တာတွေ သိချင်ပါတယ်။

အစီအစဉ်လေးက ညီမတို့အတွက် မထင်ထားလောက်အောင် အကျိုးရှိပါတယ်၊ urbanization နဲ့ပတ်သက်တဲ့ ပရောဂျက်တွေ အတွေ့အကြုံတွေအပြင်ကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုတွေနဲ့ ဖလှယ်လို့ရတယ်၊ ရင်းနှီးမှုတွေလည်း ပိုရတယ်၊ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အခြားနိုင်ငံက ပိုပြီးသိသွားတယ် အဲဒါကြောင့်မို့ အရမ်းဂုဏ်ယူမိပါတယ်။

-ထွန်းထွန်း