September 26, 2017

နှစ်သက်ရာပုံစံကို ပြောင်းလဲတပ်ဆင်နိုင်မယ့် ကမ္ဘာ့ပထမဆုံး modular မောင်းသူမဲ့ကား

ကိုယ့်ရဲ့အကြိုက်နဲ့ကိုက်ညီမယ့် ကားတစ်စီးကို ရှာဖွေရတဲ့ကိစ္စက လွယ်ကူတဲ့ကိစ္စတစ်ရပ် မဟုတ်ပါဘူး။

ဒါပေမဲ့ EDIT လို့ခေါ်တဲ့ modular မောင်းသူမဲ့ယာဉ်က လူတွေရဲ့ ကွဲပြားခြားနားတဲ့ဟန်ပန်တွေနဲ့ ကိုက်ညီစေမယ့် ဖြေရှင်းနည်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

EDIT မောင်းသူမဲ့ကားမှာ ကားရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ အမိုးနဲ့ တံခါးပေါက်နှစ်ခုစတဲ့ အစိတ်အပိုင်းငါးခုကို သုံးစွဲသူရဲ့ နှစ်သက်ရာပုံစံတွေအလိုက် ပြောင်းလဲဖန်တီးနိုင်ပါတယ်။

EDIT ကို လူတိုင်းအတွက် မောင်းသူမဲ့ကားတည်ဆောက်လိုတဲ့ ဟောင်အကောင်အခြေစိုက် OSVehicle က ဖန်တီးထားတာ ဖြစ်ပါတယ်။

“EDIT ကို အနာဂတ်အတွက် ဖန်တီးထားတာပါ။ ဒီကားမှာ သုံးစွဲသူစိတ်ကြိုက်အလိုက် ပြောင်းလဲတပ်ဆင်နိုင်တဲ့ အစိတ်အပိုင်းငါးခု ပါဝင်ပါတယ်” လို့ OSVehicle အမှုဆောင်အရာရှိချုပ် Alessandro Camorali က ပြောကြားခဲ့ပါတယ်။

Modular နည်းပညာကြောင့် သုံးစွဲသူတွေက lidar တွေနဲ့ sensor တွေအပါအဝင် အလိုအလျောက်မောင်းနှင်နိုင်မယ့် နည်းပညာအချို့ကို အလွယ်တကူ ထည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီက ဒါကို ‘BYOSDCACH’ – Bring Your Own Self Driving Code And Custom Hardware Stack ဆိုပြီး အမည်ပေးထားပါတယ်။

Module တွေကို အစားထိုးနိုင်တဲ့အတွက် ဒီကားတွေက နှစ် ၂၀ ကျော်ကြာ ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ကားရဲ့ အတွင်းပိုင်းမှာ Level 1 ကနေ Level 5 အထိ မတူညီတဲ့ setting တွေပါဝင်ပြီး Level 5 ဗားရှင်းမှာတော့ အလယ်တည့်တည့်မှာ စားပွဲတစ်ခုပါဝင်ပြီး မျက်နှာချင်းဆိုင်ထိုင်နိုင်တဲ့ အဆင်အပြင် ပါဝင်တယ်လို့ ဆိုပါတယ်။

ကားကိုရောင်းချမယ့်အချိန်နဲ့ တန်ဖိုးကိုတော့ မသိရသေးပါဘူး။

Ref: DailyMail