(၉) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်စမတ်ဖုန်းဈေးကွက် ရောင်းအားကျဆင်း

တရုတ်စမတ်ဖုန်းဈေးကွက်ဟာ ၂၀၁၇ ခုနှစ် စမတ်ဖုန်းတင်ပို့ရောင်းချမှု ၄.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ IDC က ခန့်မှန်းခြေဖော်ပြခဲ့ပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက်ဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တင်ပို့ရောင်းချမှု ကျဆင်းသွားတာဖြစ်ပါတယ်။ အဆင့်မြှင့်တင်မှု အနည်းငယ် ပြုလုပ်ခဲ့တဲ့ တရုတ်စမတ်ဖုန်းတွေဟာ ထုတ်ကုန်ဝယ်ယူသူ အသစ်တွေကို မဆွဲဆောင်နိုင်ဘူးလို့ လေ့လာဆန်းစစ်ရေးကုမ္ပဏီ IDC ကသုံးသပ်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်စမတ်ဖုန်းဈေးကွက်မှာ ကုမ္ပဏီအငယ်စားတွေရဲ့ ထုတ်ကုန်တင်ပို့ရောင်းချမှုက ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်တန်းကုမ္ပဏီ (၅) ခု ဖြစ်တဲ့ Huawei, Oppo, Vivo, Xiaomi နဲ့ Apple တို့ရဲ့ စုစုပေါင်းရောင်းအားက ကျဆင်းခဲ့ပါတယ်။ Huawei အနေနဲ့ Mate 10 Pro လိုမျိုး တန်ဖိုးကြီးထုတ်ကုန်ကနေ တန်ဖိုးနည်းထုတ်ကုန်အထိ ရောင်းချခဲ့တာကြောင့် တင်ပို့ရောင်းချမှု ၁၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပါတယ်။ Xiaomi ရဲ့စမတ်ဖုန်းတင်ပို့ရောင်းချမှုကလည်း ၃၂.၆ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ကုမ္ပဏီကြီးတချို့ဟာ တန်ဖိုးကြီးထုတ်ကုန်တွေကြောင့် စမတ်ဖုန်းတင်ပို့ရောင်းချမှု ကျဆင်းခဲ့ပါတယ်။ Vivo ကလည်း ၂၀၁၇ ခုနှစ်အတွင်း တန်ဖိုးနည်းမော်ဒယ်တွေအစား တန်ဖိုးကြီးထုတ်ကုန်တွေကို အာရုံစိုက်ခဲ့သလို Apple ရဲ့အဆင့်မြင့်ထုတ်ကုန်တွေကလည်း ဘေကျင်း ဒါမှမဟုတ် ရှန်ဟိုင်းလိုမျိုး မြို့တော်တွေမှာပဲ အောင်မြင်ခဲ့တာကြောင့် ရောင်းအားကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က တန်ဖိုးကြီးဖုန်းတွေဟာ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ Apple ဟာ ဒေါ်လာ ၆၀၀ နဲ့ တရုတ်စမတ်ဖုန်းဈေးကွက်ကို လွှမ်းမိုးခဲ့ပါတယ်။ Huawei ရဲ့ဈေးကွက်ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်မှာ ၂ ရာခိုင်နှုန်း ရှိရာက တစ်နှစ်အကြာမှာ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ BBK ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Oppo နဲ့ Vivo အမှတ်တံဆိပ်တွေဟာ ကိန်းဂဏန်းအရ ရောင်းအား ကျဆင်းနေပေမယ့် တန်ဖိုးနည်းဖုန်းတွေအစား တန်ဖိုးကြီးဖုန်းတွေကိုပဲ အာရုံစိုက်ထုတ်လုပ်သွားမယ့် နည်းဗျူဟာကြောင့် ငွေကြေးများစွာ ရနိုင်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေက ဇိမ်ခံပစ္စည်းဝယ်ယူသူတွေကို ပစ်မှတ်ထားနေပြီး တရုတ်နိုင်ငံမှာ ဝန်ထမ်းတစ်ဦးဟာ ပျမ်းမျှတစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ရရှိနေတယ်လို့ သိရပါတယ်။

စိုးထက်
Ref: Engadget