September 24, 2017

၂၀၂၀ ခုနှစ်မှာ တရုတ်ဈေးကွက်အတွက် လျှပ်စစ်ကား ၁၀ စီး မိတ်ဆက်ဖို့စီစဉ်နေတဲ့ General Motors

General Motors အနေနဲ့ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံအတွက် လျှပ်စစ်နဲ့ hybrid ကား ၁၀ စီး မိတ်ဆက်သွားဖို့ စီစဉ်ထားတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

GM အနေနဲ့ နှစ်နှစ်အတွင်း လျှပ်စစ်ကားမော်ဒယ်တစ်မျိုးကို စတင်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ GM China အကြီးအကဲ Matt Tsien က ရှန်ဟိုင်းကားပြပွဲမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း လျှပ်စစ်နဲ့ hybrid ကား အစီးရေ ၁၅၀,၀၀၀ ရောင်းချသွားဖို့ မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ်မှာတော့ အစီးရေ ၅၀၀,၀၀၀ ကျော် ရောင်းချဖို့ ရည်မှန်းထားတယ်လို့ Tsien က ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်ရောင်းချမယ့် အစီအစဉ်တွေကို Ford Motor, Volkswagen AG, Nissan Motor နဲ့ အခြားကားကုမ္ပဏီတွေက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ GM က တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး Buick အမှတ်တံဆိပ်နဲ့ရောင်းချမယ့် Chevrolet Volt hybrid ဗားရှင်းတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

“လာမယ့်နှစ်အနည်းငယ်အတွင်းမှာ တရုတ်နိုင်ငံအတွက် လျှပ်စစ်ကား အနည်းဆုံး ၁၀ စီး မိတ်ဆက်ပေးဖို့ ရည်မှန်းထားပါတယ်။ ဒီကားအားလုံးကို တရုတ်နိုင်ငံမှာပဲ ထုတ်လုပ်သွားမှာပါ” လို့ Tsien က ပြောကြားခဲ့ပါတယ်။

GM အနေနဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းအရောင်းရဆုံး ကားကုမ္ပဏီ VW နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ VW ရဲ့ ၂၀၁၆ ရောင်းအားဟာ ၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကားအစီးရေ ၃.၉ သန်း စံချိန်တင်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Ref: AP