December 12, 2017

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံးနည်းပညာ (၂၅) ခု

အရင်နှစ်တွေကလိုပဲ ၂၀၁၇ ခုနှစ်မှာလည်း နည်းပညာထုတ်ကုန်အများစုဟာ ဟိတ်ဟန်မများဘဲ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ ပစ္စည်းတွေ ပိုမို ထွက်ရှိလာပါတယ်။ အဲ့ဒီထုတ်ကုန်တွေထဲမှာ လူသားတွေရဲ့ နေ့စဉ်ဘဝကို အဓိပ္ပာယ်ရှိတဲ့နည်းလမ်းတွေနဲ့ တိုးတက်လာအောင် ပြုလုပ်ထားတဲ့ ထုတ်ကုန်အများအပြား ပါဝင်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာထွက်ရှိတဲ့ စမတ်ဖုန်းတွေဟာ ဒီဇိုင်းပိုင်းကောင်းမွန်လာပါတယ်။ Laptop တွေကလည်း အကောင်းဆုံးပုံစံတွေနဲ့ တစ်ကျော့ပြန်ထွက်ပေါ်လာပါတယ်။ စမတ်အိမ်သုံးထုတ်ကုန်တွေကလည်း တစ်စတစ်စ ဖွံ့ဖြိုးလာပါတယ်။ ဒီနှစ်ထဲမှာ အံ့အားသင့်စရာအကောင်းဆုံး gadget တွေလည်း ပါဝင်လာပါတယ်။

(၂၅) DJI Spark

လူသုံးကုန်ဒရုန်းတွေကို DJI လောက် ဘယ်သူမှ ကောင်းအောင်မလုပ်နိုင်ပါဘူး။ Spark ဒရုန်းဟာလည်း သုံးစွဲသူတွေကို စိတ်မပျက်စေပါဘူး။ Spark ဟာ သေးငယ်ရုံမကဘဲ စွမ်းဆောင်ရည်မြင့်ပြီး Mavic Pro လိုပဲ ခေါက်ထားနိုင်ပါတယ်။ Spark ရဲ့အားသာချက်က ကျစ်လျစ်တဲ့ဒီဇိုင်းဖြစ်သလို ကိုယ်ထည်က ဆိုဒါဘူးလောက်ပဲ ရှိပါတယ်။ Spark မှာ ဒရုန်းအကြီးစားမှာပါဝင်တတ်တဲ့ ရှုပ်ရှုပ်ထွေးထွေး ခလုတ်တွေမပါဝင်ဘဲ လက်ဟန်အခြေခံ hand control တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။

(၂၄) Norton Core

Symantec က ကျွမ်းကျင်သူတွေဟာ သုံးစွဲသူရဲ့ ကွန်ရက်ကို လုံခြုံစေမယ့် Norton Core ထုတ်ကုန်ကို ဖန်တီးခဲ့ပါတယ်။ အဲဒီ router ဟာ ကွန်ရက်ကို လုံခြုံအောင် ပြုလုပ်ပေးနိုင်သလို user-friendly app တစ်ခုအဖြစ် လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်အသုံးပြုတဲ့အခါ malware တွေကိုစောင့်ကြည့်ပြီး Mirai လို malware တွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ရက်ပေါ်က နှစ်သက်ရာထုတ်ကုန်ကိုလည်း အင်တာနက် ဖြတ်တောက်နိုင်ပါသေးတယ်။

(၂၃) Bolt-S Magnetic USB-C cable

Apple iPhone မှာ နားကြပ်ပေါက်ဖယ်ရှားခဲ့သလို MagSafe magnetic charging port ကိုလည်း MacBook မှာ ဖယ်ရှားခဲ့ပါတယ်။ Vinpok ဟာ Bolt-S နဲ့ သံလိုက် USB-C charging cable ကိုပြန်အသက်သွင်းခဲ့ပါတယ်။ Bolt-S ဟာ MagSafe လိုပဲ အသုံးပြုနိုင်ပြီး USB-C port ပါဝင်တဲ့ ထုတ်ကုန်အားလုံးကို အားသွင်းနိုင်ပါတယ်။

(၂၂) Apple Watch Series 3

Apple Watch မော်ဒယ်သစ် Series 3 ဟာ စမတ်နာရီကဏ္ဍမှာ ဦးဆောင်နိုင်ဖို့ နှစ်အနည်းငယ်အကြာ ဖန်တီးခဲ့ရပါတယ်။ Apple က watchOS ကိုပြန်လည် ပြင်ဆင်ခဲ့သလို စွမ်းဆောင်ရည်ကို မြှင့်တင်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး အသားပေး feature တွေလည်း ထည့်သွင်းခဲ့ပါတယ်။ Apple Watch Series 3 မှာ ထုတ်ကုန် အရွယ်အစားမပြောင်းဘဲ ဆယ်လူလာချိတ်ဆက်မှု ထည့်သွင်းနိုင်ခဲ့တာ ချီးကျူးစရာပါ။ အခုအဆင့်မြှင့်တင်မှုတွေကြောင့် Apple Watch ဟာ ဒီနှစ်ထဲမှာ အရေးပါတဲ့စမတ်နာရီ ဖြစ်လာပါတယ်။

(၂၁) Beats Studio 3

Beats Studio 3 ကို အရောင်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားပြီး active noise-cancellation ပါဝင်ပြီး အားတစ်ခါသွင်းထားရင် ၂၂ နာရီအထိ အသုံးပြုနိုင်ပါတယ်။ Apple ရဲ့အထူးထုတ် W1 ချစ်ပ်ကြောင့် iOS ထုတ်ကုန်တွေနဲ့ ချိတ်ဆက်ရ လွယ်ကူပါတယ်။

(၂၀) Boosted Board Dual+ with extended battery

အကောင်းဆုံး လျှပ်စစ် စကိတ်ဘုတ်တစ်ခု ဖြစ်ပါတယ်။ Boosted ဟာ မူလ စကိတ်ဘုတ်ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒုတိယမြောက်မျိုးဆက် (Dual+) ဟာ တစ်နာရီ ၂၂ မိုင်နှုန်းအထိ စီးနိုင်ပြီး extended battery နဲ့ဆိုရင် အကွာအဝေး ၇ မိုင်ကနေ ၁၂ မိုင်အထိ နှစ်ဆနီးပါး သွားနိုင်ပါတယ်။ ဒါကြောင့် အားအပြည့် တစ်ခါသွင်းထားရင် တစ်ရက်လုံး အသုံးပြုနိုင်ပါတယ်။

(၁၉) iPad Pro 10.5-inch

မျက်နှာပြင်အရွယ် ၁၀.၅ လက်မ ရှိတဲ့ iPad ဟာ Smart Keyboard, Apple Pencil တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အရွယ်သေးငယ်တဲ့ iPad Pro တွေဟာ တီထွင်ဖန်တီးမှုပြုလုပ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်ဟာ laptop ရဲ့နေရာကို အစားမထိုးနိုင်ပေမယ့် feature အစုံအလင်ပါဝင်တဲ့ iOS 11 operating system ကြောင့် multitasking တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၁၈) Amazon Echo 2

Amazon Echo 2 ဟာ အရွယ်သေးငယ်တဲ့ စမတ်စပီကာတစ်မျိုး ဖြစ်ပါတယ်။ Echo Plus ထက် bass အသံများပြီး အသံပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်ပါတယ်။ Amazon အနေနဲ့ Google Home ဒီဇိုင်းနဲ့ဆင်ပြီး အပြင်ပိုင်းကို ပျော့ပျောင်းတဲ့အထည်သားနဲ့ ဖန်တီးထားပါတယ်။

(၁၇) Polaroid OneStep 2

Polaroid ကင်မရာတွေဟာ မသေဆုံးသေးပါဘူး။ Polaroid Originals က အထင်ကရ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ OneStep 2 ကို ပြန်အသက်သွင်းခဲ့ပါတယ်။ Polaroid Originals ကထုတ်လုပ်တဲ့ ၉၉ ဒေါ်လာတန် OneStep 2 မှာ မြန်ဆန်တဲ့ ဖလင်သစ် တစ်မျိုးလည်း ပါဝင်လာပါတယ်။ အဲဒီ instant ကင်မရာမှာ ခေတ်သစ်နည်းပညာတွေ ထည့်သွင်းထားကာ ပိုကြီးပြီး တိကျတဲ့ viewfinder ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် selfie ဓာတ်ပုံတွေအတွက် timer နဲ့ အလင်းအမှောင်အတွက် exposure setting လည်းပါဝင်လာပါတယ်။

(၁၆) Google Pixel 2 XL

Google ဟာ ဒီနှစ်မှာ Pixel 2 စမတ်ဖုန်းနှစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ တစ်မျိုးက မျက်နှာပြင် ၅ လက်မရှိပြီး အခြားတစ်မျိုးကတော့ မျက်နှာပြင် ၆ လက်မရှိပါတယ်။ Pixel 2 XL ဟာ အသေးစားပြဿနာတွေရှိပေမယ့် စိတ်ကျေနပ်စရာ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ Google ရဲ့ Pixel 2 စမတ်ဖုန်းထဲမှာ Pixel 2 XL စမတ်ဖုန်းက အထူးအောင်မြင်ခဲ့ပါတယ်။ Pixel 2 XL မှာ AI နဲ့ machine learning ကိုအသုံးပြုထားပြီး ဓာတ်ပုံပိုင်းမှာ iPhone X ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါတယ်။ မှန်ဘီလူးတစ်ခုတည်းပါဝင်တဲ့ Portrait mode ကလည်း အလွန်ကောင်းမွန်ပါတယ်။

(၁၅) Moment Lenses

Instagram မှာ ရင်သပ်ရှုမောစရာ ဓာတ်ပုံတွေကို Moment မှန်ဘီလူးသုံးပြီး ရိုက်ကူးနိုင်ပါတယ်။ Moment အနေနဲ့ iPhone, Pixel 2 နဲ့ နောက်ဆုံးပေါ် Galaxy ဖုန်းတွေအတွက် အရည်အသွေးမြင့် ဖန်ထည်တွေကို ဖန်တီးပေးနေပါတယ်။ Moment Lenses ကို ဖုန်းမှာတပ်ပြီး wide-angle, ultra-wide, telephoto ဒါမှမဟုတ် macro lens တွေနဲ့ အသုံးပြုနိုင်ပါတယ်။ အမြင်သစ်တွေနဲ့ ဓာတ်ပုံရိုက်ကူးမှု ပညာကို တိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။

(၁၄) SNES Classic Edition

Nintendo ရဲ့ Super Nintendo (SNES) Classic Edition ထုတ်ကုန်ဟာ ဒီနှစ်မှာ နာမည်အကျော်ကြားဆုံး ထုတ်ကုန်ထဲက တစ်ခုဖြစ်ပါတယ်။ NES Classic Edition ဂိမ်းစက်အတိုင်း ထုတ်လုပ်ထားပါတယ်။ အဲဒီ mini game ဂိမ်းစက်မှာ နာမည်ကျော် 16-bit ဂိမ်း ၂၁ ခုပါဝင်ပါတယ်။ ဒါ့အပြင် တစ်ခါမှထွက်ရှိဖူးခြင်းမရှိတဲ့ Star Fox 2 ဂိမ်းလည်း ပါဝင်လာပါတယ်။ ပါဝင်တဲ့ ဂိမ်းခလုတ်နှစ်ခုက cable တွေလည်း ပိုရှည်လာပါတယ်။

(၁၃) Surface Laptop

Microsoft ရဲ့ Surface Laptop မှာ ဟန်များလွန်းတဲ့ Touch Bar တွေနဲ့ ပါးလျပေါ့ပါးတဲ့ ပတ္တာလည်း မပါဝင်ပါဘူး။ Surface Laptop မှာ Alcantara နဲ့ဖန်တီးထားတဲ့ keyboard ပါဝင်ပါတယ်။ Surface Laptop ရဲ့ keyboard နဲ့ trackpad တွေက ကောင်းမွန်ပြီး port အများအပြား ပါဝင်လာပါတယ်။

(၁၂) SanDisk 400GB microSD card

SanDisk ရဲ့ 400GB microSD card ဟာ ကမ္ဘာပေါ်မှာ capacity အကြီးဆုံး microSD card ဖြစ်ပါတယ်။ အဲဒီ microSD card မှာ e-book ၄၀၀,၀၀၀ ဒါမှမဟုတ် စမတ်ဖုန်းဓာတ်ပုံ ၂၀၀,၀၀၀ ဒါမှမဟုတ် သီချင်း ၁၀၀,၀၀၀ ဒါမှမဟုတ် full HD ရုပ်ရှင် ၈၈ ကား ထည့်သွင်းနိုင်ပါတယ်။

(၁၁) Acer Windows Mixed Reality Headset

VR headset တွေဖြစ်တဲ့ Oculus Rift နဲ့ HTC Vive ဟာ 3D virtual ကမ္ဘာတွေအတွင်း အသေးစိတ်ပုံဖော်ချက်တွေနဲ့ လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ VR အတွေ့အကြုံကောင်းတွေ ဖြစ်ပေါ်လာဖို့ external ကင်မရာနဲ့ အချက်ပြမီးတွေအပြင် သင့်တော်တဲ့ အခန်းအတိုင်းအတာ ခြေရာခံမှုအတွက် လုံလုံလောက်လောက် နေရာလွတ်ပမာဏ လိုအပ်ပါတယ်။ အဲ့အပိုင်းနဲ့ပတ်သက်ရင် Acer ရဲ့ Windows Mixed Reality Headset က ပိုမိုသပ်ရပ် ကောင်းမွန်ပါတယ်။ အဲဒီထုတ်ကုန်မှာပါဝင်တဲ့ ကင်မရာတွေဟာ ဦးခေါင်း၊ ခန္ဓာကိုယ်ကို ခြေရာခံပေးပြီး လက်နဲ့ ထိန်းချုပ်ရတဲ့ ခလုတ်တွေကို headset အတွင်း တည်ဆောက်ထားပါတယ်။ အလွယ်တကူ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

(၁၀) Sonos One

Amazon အနေနဲ့ Echo စမတ်စပီကာကို ကနဦး တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ Sonos အပါအဝင် အသံပိုင်းဆိုင်ရာ ကုမ္ပဏီတွေ အားလုံးကလည်း Echo ထက် ပိုကောင်းတဲ့ထုတ်ကုန်တွေကို ထုတ်လုပ်နေကြပါတယ်။ Sonos One မှာ Alexa voice assistant ပါဝင်ပြီး အသံအားလည်း ကောင်းပါတယ်။ ထုတ်ကုန်တစ်ခုထဲနဲ့ smart home ထုတ်ကုန်အားလုံး ထိန်းချုပ်နိုင်ပါတယ်။

(၉) Samsung Galaxy Note 8

Samsung ရဲ့ Galaxy S8 နဲ့ S8+ ဟာ Galaxy Note 7 ကြောင့် ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Galaxy Note 8 က Samsung ကို ထိပ်တန်းဖြစ်အောင် ဆောင်ရွက်ပေးခဲတာပါ။ ဈေးနှုန်းက ဒေါ်လာ ၁,၀၀၀ ရှိပေမယ့် feature စုံလင်ပါတယ်။ မျက်နှာပြင်အရွယ်ကြီးမားပြီး dual ကင်မရာပါဝင်လာပါတယ်။ စွမ်းဆောင်ရည်လည်း အလွန်မြန်ဆန်ပြီး ဘက်ထရီက တစ်ရက်လုံး သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် S Pen, wireless charging နဲ့ memory card ပေါက် ပါဝင်လာသလို ရေစိုခံနိုင်ရည် ရှိပါတယ်။ ဒီဇိုင်းပိုင်းကလည်း လှပပါတယ်။

(၈) Nuheara IQbuds

Nuheara ရဲ့ IQbuds ဟာ AirPods လိုပဲ feature စုံလင်ပြီး အခြားအရာများစွာ ပါဝင်လာပါသေးတယ်။ နောက်ခံဆူညံသံကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် အလွန်တာရှည်ခံတဲ့ ဘက်ထရီနဲ့ low-profile ဒီဇိုင်း အသုံးပြုထားတာကြောင့် နေ့စဉ်လိုလို တပ်ဆင်ထားရင် လူသိပ်သတိမထားမိပါဘူး။

(၇) Sphero R2-D2

Star Wars ဇာတ်ကားတွေထဲမှာပါဝင်တဲ့ စက်ရုပ်ဟာ အမြင့်ပေတစ်ပေသာရှိပြီး app နဲ့ထိန်းချုပ်နိုင်တဲ့ အရုပ်တစ်မျိုးဖြစ်ပါတယ်။

(၆) Amazon Fire TV 4K

ဒီဇိုင်းသစ်နဲ့ ထုတ်လုပ်ထားတဲ့ Amazon ရဲ့ Fire TV 4K မှာ Alexa voice remote ပါဝင်ပြီး တီဗီနဲ့ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အရွယ်အစားကတော့ dongle လောက်ပဲရှိပါတယ်။ အခြားဈေးနှုန်းမြင့်မားတဲ့ streaming box တွေထက်စာရင် ဈေးနှုန်းလည်း သက်သာပါတယ်။

(၅) Google Home Mini

Google Home ဟာ Amazon ရဲ့ Echo လိုပဲ စမတ်စပီကာ တစ်မျိုးဖြစ်ပါတယ်။ Home Mini မှာ Google Assistant လည်း ပါဝင်လာပါတယ်။ ဒီဇိုင်းလှပပြီး ဈေးနှုန်းကလည်း ဒေါ်လာ ၅၀ ပဲရှိပါတယ်။

(၄) LG Wallpaper TV

LG ရဲ့ Wallpaper OLED 4K TV ဟာ အလွန်ပါးလွှာပြီး အထူ ၂.၅၇ မီလီမီတာပဲရှိပါတယ်။ တီဗီရဲ့ အစိတ်အပိုင်းအားလုံးထဲမှာ soundbar လည်း ပါဝင်လာတယ်။

(၃) Google Pixelbook

Google Pixelbook ဟာ Chromebook ပဲဖြစ်ပြီး ဒေါ်လာ ၁,၀၀၀ နဲ့ ရောင်းချနေပါတယ်။ Chromebook ကို နှစ်သက်သူတွေအတွက် အဆင်ပြေပြီး အလွန်ပေါ့ပါး ပါးလွှာပါတယ်။ ဒါ့အပြင် tablet mode အနေနဲ့လည်း သုံးနိုင်ပါတယ်။

(၂) Nintendo Switch

ဂျပန်ဂိမ်းကုမ္ပဏီ Nintendo ဟာ Switch ဂိမ်းစက်ကိုထုတ်လုပ်ပြီး ကမ္ဘာကို ကိုင်လှုပ်ခဲ့ပါတယ်။ အဲဒီဂိမ်းစက်ဟာ Wii-U ဂိမ်းစက်ပုံစံမျိုး ကစားနိုင်သလို မိုဘိုင်းထုတ်ကုန်အဖြစ်နဲ့ ဂိမ်းတွေကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

(၁) iPhone X

၂၀၁၇ ခုနှစ်မှာ ထွက်ရှိတဲ့ နည်းပညာထုတ်ကုန်တွေထဲမှာ iPhone X နဲ့ပတ်သက်ပြီး လူတွေက ပိုမိုဆွေးနွေး ပြောဆိုကြပါတယ်။ iPhone X မှာ ဖန်ထည်နဲ့ stainless steel ဒီဇိုင်းကို အသုံးပြုထားပါတယ်။ iPhone X မှာပါဝင်တဲ့ Face ID နဲ့ Animoji feature တွေကြောင့် ဈေးကွက်ကိုပြောင်းလဲနိုင်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာပါတယ်။

စိုးထက်
Ref: Mashable