မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကဏ္ဍတိုးတက်ရေး

မိုဘိုင်းဖုန်းသိပ်သည်းဆ ၁၀၅ ရာခိုင်နှုန်းအထိရှိလာတဲ့ မြန်မာနိုင်ငံရဲ့ဒီဂျစ်တယ်ဆိုင်ရာ ကဏ္ဍတွေနဲ့ပတ်သက်ပြီး Telenor Myanmar ကအကြံပြုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပြည်တွင်းရဲ့ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေလုပ်မလဲ၊ စမတ်ဖုန်းအသုံးပြုမှုနှုန်းက ဘယ်လောက်ရှိသလဲ အစရှိတဲ့အချက်တွေ ပါဝင်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍ ၇ ခု

ပြည်တွင်းရဲ့ ဒီဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍ ၇ ခုနဲ့ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီကဏ္ဍတွေကတော့ (၁) Digital Government, (၂) Digital Enterprises, (၃) Digital Consumers, (၄) Digital Frameworks, (၅) Digital Infrastructure, (၆) Digital Ecosystems, (၇) Digital Skills တို့ပဲဖြစ်ပါတယ်။ အဲဒီခုနစ်ခုကို
Digital Services နဲ့ Digital Foundations ဆိုပြီး နှစ်ပိုင်းခွဲနိုင်မှာ ဖြစ်ပါတယ်။ Digital Services ထဲမှာ Digital Government, Digital Enterprises, Digital Consumers တို့ပါဝင်မှာဖြစ်ပြီး Digital Foundations ထဲမှာတော့ Digital Frameworks, Digital Infrastructure, Digital Ecosystems, Digital Skills တို့ ပါဝင်မှာဖြစ်ပါတယ်။ “ဒီဂျစ်တယ် အခြေခံအုတ်မြစ်ခိုင်မာမှသာ ဒီဂျစ်တယ် ဝန်ဆောင်မှုတွေကို ပိုပြီးတော့သေချာခိုင်မာတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်၊ Digital Framworks မူဘောင်မှာ ဥပဒေတွေ အကြောင်းအရာတွေပါမယ်၊ Digital Infrastructure မှာကတော့ အခုလိုမျိုး မိုဘိုင်းအော်ပရေတာတွေရဲ့ လုပ်ဆောင်နေတဲ့ ဟာမျိုးတွေပါမယ်၊ Digital Ecosystems မှာကတော့ ဒီဂျစ်တယ်လုပ်ငန်းရပ်တွေနဲ့ပတ်သက်တဲ့ ဂေဟစနစ်တွေအားလုံး ပါဝင်ပါတယ်။
Digital Skills ကတော့ ဒီဂျစ်တယ်ပိုင်းဆိုင်ရာနား လည်သိကျွမ်းတတ်မှုတွေပဲဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့စီအီးအိုက ပြောပါတယ်။

ဒီဂျစ်တယ်စီးပွားရေးအတွက် စီမံတဲ့အခါမှာ ပါဝင်အဖြေရှာရတဲ့ အဖွဲ့အစည်းတစ်ရပ် ရှိဖို့လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မြန်မာဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရှိပြီး စီမံချက်တွေကို ရေးဆွဲနေကြောင်း သိရပါတယ်။ “ဒီအဖွဲ့အစည်းအနေနဲ့ တခြားနိုင်ငံလိုမှာပဲ သီးခြားအဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်ထားမယ်ဆိုရင် ဒီဂျစ်တယ်စီပွားရေး အကောင်အထည် ဖော်တဲ့အခါမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ ဒီဂျစ်တယ်စီးပွားရေးတစ်ရပ် ထူထောင်တဲ့အခါမှာ အစီအစဉ်ကောင်းတွေ၊ မဟာစီမံချက်ကောင်းတွေ လိုအပ်တယ်၊ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု၊ သေချာတဲ့အဖွဲ့အစည်း တစ်ခုရှိဖို့အတွက် လိုအပ်သလို တာဝန်ယူမှုရှိတဲ့ အရာတွေလိုအပ်ပါတယ်၊ သေချာတဲ့ ဥပဒေတွေလည်း စီမံဆောင်ရွက်ထားဖို့လည်း လိုအပ်ပါတယ်။ ဥပဒေတွေကို အတည်ပြုလိုက်ခြင်းဖြင့် အချက်အလက်တွေကိုလည်း ကာကွယ်ပေးနိုင်ရာလည်း ရောက်ပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။ ဒီဂျစ်တယ်အုတ်မြစ် ခိုင်ခံ့အောင် ဆောင်ရွက်နေမှ ဒီဂျစ်တယ် ဝန်ဆောင်မှုကို အသုံးပြုမယ့်သူတွေ လုံခြုံစိတ်ချနိုင်မှာ ဖြစ်တယ်လို့
ဆိုပါတယ်။ “ထိုင်းမှာဆိုရင် ဒီဂျစ်တယ်နဲ့ ပတ်သက်တဲ့ အဖွဲအစည်းတစ်ခု ရှိပါတယ်၊ အဲ့ဒီအဖွဲ့အစည်းအနေနဲ့ ဒီဂျစ်တယ် စီးပွားရေးအတွက်ကို အဓိကတာဝန်ယူပြီးတော့ ဆောင်ရွက်ပေးရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲ့ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ အထိုက်အလျောက် အောင်မြင်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လွတ်လပ်တဲ့ ဆက်သွယ်ရေး ကော်မရှင်

သီးခြားလွပ်လပ်တဲ့ ဆက်သွယ်ရေး ကော်မရှင်တစ်ခုကို အမြန်ဆုံး တည်ထောင်ပေးဖို့လည်း Telenor Myanmar ကအကြံပြုထားပါတယ်။ အဲဒီလို သီးခြားဆက်သွယ်ရေး ကော်မရှင်ပေါ်ပေါက်လာရင် ကြီး ကြပ်ကွပ်ကဲမှုတွေကို အမှီအခိုကင်းကင်းနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ လူမှုအဖွဲ့အစည်းမှာ အားလုံးချိတ်ဆက်ပြီး အကျိုးကျေးဇူးတွေကိုရရှိ
စေရေးအတွက် ဒီဂျစ်တယ် ကျွမ်းကျင်မှုတွေ ရှိနေဖို့လည်း လိုအပ်ကြောင်း၊ အဲ့ဒီကျွမ်းကျင်မှုတွေ ရှိနေဖို့အတွက်ကတော့ အစိုးရအနေနဲ့ ကျောင်းတွေမှာ ခေတ်နဲ့ညီတဲ့ ဒီဂျစ်တယ် သင်ရိုးညွှန်းတမ်းတွေကို ချပေးသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူတွေကို ဒီဂျစ်တယ် ကျွမ်းကျင်မှုတွေ သင်ပြပေးဖို့လိုသလို အစိုးရအနေနဲ့လည်း အစိုးရဝန်ထမ်းတွေကိုလည်း ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေ ရှိဖို့အတွက် လုပ်ဆောင်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ

လက်ရှိမြန်မာနိုင်ငံရဲ့ မိုဘိုင်းကဏ္ဍ အခြေခံအဆောက်အဦတွေဟာ အာဆီယံနိုင်ငံတွေထဲမှာတော့ ထိပ်ဆုံးအနေနဲ့ ရပ်တည်နေတဲ့ နိုင်ငံအဖြစ် ပါဝင်နေတယ်လို့ ဆိုပါတယ်။ မိုဘိုင်းသိပ်သည်းဆဟာ ၁၀၅ ရာခိုင်နှုန်းအထိ ရှိနေပြီးတော့ မိုဘိုင်းဖုန်းအသုံးပြုသူ
အရေအတွက်ကတော့ ၅၀ ရာခိုင်နှုန်း၊ မိုဘိုင်းကွန်ရက် လွှမ်းခြုံနိုင်မှု အတိုင်းအတာကတော့ ၉၀ ရာခိုင်နှုန်း၊ စမတ်ဖုန်းအသုံးပြုမှု ရာခိုင်နှုန်းကတော့ ၈၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့သိရပါတယ်။ အဲဒီလိုရာခိုင်နှုန်းအရ များနေပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့အနောက်မှာရောက်နေကြောင်း၊ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ကိုင်နိုင်မှု အဆင့်အနေအထားမှာ နောက်ကျနေကြောင်း၊ ကွန်ရက်အနေအထားရဲ့အဆင့်သင့်ဖြစ်နေမှု အဆင့်ညွှန်းကိန်းဟာ သူများနိုင်ငံတွေထက် နောက်ကျနေသေးကြောင်း ထုတ်ပြန်ချက်က ပြောကြားထားပါတယ်။

ဒီဂျစ်တယ်အစိုးရ၊ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းတွေနဲ့ ဒီဂျစ်တယ်သုံးစွဲသူတွေ ဖွံ့ဖြိုးတိုးတက်လာရေးကို အရှိန်မြှင့်တင်ဖို့ ဒီဂျစ်တယ်အခြေခံ မူဘောင်တွေ၊ အခြေခံအဆောက်အဦတွေ ဒီဂျစ်တယ်ဂေဟစနစ်နဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေက အခြေခံအုတ်မြစ်တွေအဖြစ် ခိုင်ခိုင်မာမာရှိနေဖို့ လိုအပ်တယ်လို့ Telenor ကသုံးသပ်ပြောကြားပါတယ်။ “မြန်မာနိုင်ငံ  ရှေ့ဆက်လျှောက်လှမ်းမယ့် ဒီဂျစ်တယ်ခရီးလမ်းကို Telenor က ဆက်လက် ထောက်ပံ့ကူညီသွားဖို့ သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် အသွင်ပြောင်းရေးဟာ ရေရှည်တည်တံ့တဲ့ ဘက်စုံလူမှု စီးပွားတိုးတက်မှု အလားအလာတွေဆီကို ဦးတည်နေတယ်လို့ ယုံကြည်ထားတဲ့အလျောက် မြန်မာပြည်သူတွေအချင်းချင်း ဆက်သွယ်နိုင်မှုကနေ အကျိုးကျေးဇူး အပြည့်အဝ ခံစားနိုင်ကြဖို့ နိုင်ငံအဆင့် ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့အတွက် အထောက်အကူပြုမယ့် အချက်အလက်၊ ဥပမာတွေနဲ့ တိကျခိုင်မာတဲ့ အကြံပြုချက်တွေကို ဒီအစီရင်ခံစာက ဖော်ပြထားတာဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ စီအီးအို Mr Lars Erik Tellmann ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေးဆိုပြီး စတင်အကောင်အထည် ဖော်နေပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ကော်မတီအစည်းအဝေး တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နာယကဖြစ်ပြီး နိုင်ငံရဲ့ကဏ္ဍတွေ အားလုံးကို ဒီဂျစ်တယ်စနစ်သို့ မြှင့်တင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး Digital Economy ကို တည်ဆောက်ကြရာမှာ ပထမအဆင့်၊ ဒုတိယအဆင့် အသီးသီး အကောင်အထည် ဖော်သွားရမှာဖြစ်ကြောင်း အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတက်မှုကော်မတီရဲ့ ရည်မှန်းချက်တွေကတော့ စီးပွားရေးမူဝါဒများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ Digital Economy အောင်မြင်စွာ ပေါ်ထွန်းရေး အစိုးရက ဦးဆောင်ပံ့ပိုးရန်၊ Digital Economy အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးရန်၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဒီဂျစ်တယ်နည်းပညာများ မြှင့်တင်ဖန်တီး၍ မြန်မာကိုအာဆီယံ၏ Digital Hub တစ်ခု ဖြစ်လာစေရန်နှင့် Digital Economy ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ အခြားရည်ရွယ်ချက်တွေလည်း
ရှိပါသေးတယ်။ အဲဒါတွေကတော့ ပြည်တွင်း Startup ကုမ္ပဏီများ အလွယ်တကူ လုပ်ငန်းများစတင်နိုင်ရန်၊ အကြီးစား၊ အလတ်စားနှင့် အသေးစားလုပ်ငန်းများ အဆင်ပြေ အောင်မြင်စေရန်နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်တို့ ဖြစ်ပါတယ်။  ဒီဂျစ်တယ်စီးပွားရေး ပေါ်ထွက်လာရေးအတွက် အဖွဲ့အစည်းအများစု ပါဝင်ရမှာဖြစ်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာ အကောင်အထည် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ ကော်မတီအစည်းအဝေးက သတင်းထုတ်ပြန် ခဲ့ပါတယ်။

-အောင်သက်ကို