July 26, 2017

ခြောက်နှစ်ကြာ ကမ္ဘာပတ်မယ့် အလိုအလျောက် စွမ်းအင်ပြန်ဖြည့်စနစ်သုံးသင်္ဘော ပါရီမြို့မှ စတင်ထွက်ခွာ

အလိုအလျောက်စွမ်းအင်ပြန်ဖြည့်စနစ်သုံး သင်္ဘောဟာ ခြောက်နှစ်ကြာ ကမ္ဘာပတ်ခရီးစဉ်အတွက် ပါရီမြို့က စတင်ထွက်ခွာသွားပါပြီ။ အဲဒီသင်္ဘောကို ဒီဇိုင်းထုတ်သူတွေက အနာဂတ်ရဲ့သန့်စင်တဲ့စွမ်းအင်ကွန်ရက်တွေအတွက် စံပြဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

သင်္ဘောအမည်က Energy Observer ဖြစ်ပြီး သင်္ဘောမှာ ဆိုလာစွမ်းအင်ပြားတွေ၊ လေတာဘိုင်တွေနဲ့ hydrogen fuel cell စနစ်ကို အသုံးပြုကာ ကမ္ဘာပတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောကို တည်ဆောက်ဖို့ ဒေါ်လာ ၅.၂၅ သန်း ကုန်ကျခဲ့ပါတယ်။ Energy Observer ဟာ ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ဖို့ စနေနေ့က ပါရီကနေ အတ္တလန်တိတ်သမုဒ္ဒရာကို ထွက်ခွာသွားပါပြီ။

အရှည်ပေ ၁၀၀ ရှိတဲ့ သင်္ဘောဟာ နေ့ဘက်မောင်းနှင်စဉ်မှာ နေစွမ်းအင် ဒါမှမဟုတ် လေစွမ်းအင်အပေါ်မှီခိုပြီး ညဘက်မှာတော့ သိုလှောင်ထားတဲ့ဟိုက်ဒရိုဂျင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပင်လယ်ရေကနေတစ်ဆင့် ကိုယ်ပိုင်ဟိုက်ဒရိုဂျင်ကို ထုတ်ပေးနိုင်ပါတယ်။

မူလက သင်္ဘောကို ၁၉၈၃ ခုနှစ်မှာ ဒီဇိုင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီသင်္ဘောနဲ့ ပင်လယ်ခရီးသွားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့အခါ အောင်မြင်မှုရရှိခဲ့ပြီး နောက်ပိုင်းမှာ ပြင်သစ်သုတေသနအဖွဲ့က Energy Observer အဖြစ် ပြောင်းလဲအသက်သွင်းခဲ့ပါတယ်။

စိုးထက်
Ref: FoxNews