October 17, 2017

လေယာဉ်လူစီးခန်းအတွင်း laptop နဲ့ အခြား ထုတ်ကုန်သယ်ဆောင်ခွင့် အမေရိကန်နဲ့ ယူကေ ပိတ်ပင်

အကြမ်းဖက် အန္တရာယ် စိုးရိမ်မှုတွေကြောင့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက လေဆိပ်တွေကနေ စီးနင်းလိုက်ပါလာမယ့် ခရီးသည်တွေရဲ့ laptop တွေ၊ tablet တွေနဲ့ အခြားအရွယ်ကြီးမားတဲ့ အီလက်ထရွန်နစ် ထုတ်ကုန်တွေကို လေယာဉ် လူစီးခန်းအတွင်း သယ်ဆောင်ခွင့် မပြုဘူးဆိုပြီး အမေရိကန်နဲ့ ယူကေက တားမြစ်ပိတ်ပင် လိုက်ပါတယ်။

ဒီလုံခြုံရေး တားမြစ်ချက်အရ နိုင်ငံ ၈ နိုင်ငံရဲ့ လေကြောင်းလိုင်း ၉ ခုကိုစီးနင်းတဲ့ ခရီးသည်တွေအနေနဲ့ စမတ်ဖုန်းထက် အရွယ်ပိုကြီးတဲ့ ဘယ်ထုတ်ကုန်ကိုမဆို လူစီးခန်းထဲ သယ်ဆောင်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဲ့ဒီထုတ်ကုန်တွေပါတဲ့ ခရီးဆောင် အိတ်တွေကိုလည်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ တားမြစ်စာရင်းမှာ ပါဝင်တဲ့ နိုင်ငံတကာလေဆိပ် ၁၀ ခုကတော့ အီဂျစ်က Cairo, ယူအေအီးက Dubai နဲ့ Abu Dhabi, တူရကီက Istanbul, ကာတာက Doha, ဂျော်ဒန်က Amman, ကူဝိတ်က Kuwait City, မော်ရိုကိုက Casablanca, ဆော်ဒီအာရေဗျက Jeddah နဲ့ Riyadh တို့ ဖြစ်ပါတယ်။

လေကြောင်းလိုင်း ၉ ခုကတော့ Egyptair, Emirates Airline, Etihad Airways, Kuwait Airways, Qatar Airways, Royal Air Maroc, Royal Jordanian Airlines, Saudi Arabian Airlines နဲ့ Turkish Airlines တို့ဖြစ်ပါတယ်။

ယူကေရဲ့ တားမြစ်ချက်မှာတော့ တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှားနဲ့ ဆော်ဒီအာရေဗျက လေကြောင်းလိုင်း ၁၄ လိုင်း ပါဝင်ပါတယ်။

ဒီတားမြစ်ချက်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်းမှာ ချမှတ်ခဲ့တဲ့ လေကြောင်းလုံခြုံရေး ကာကွယ်မှုစနစ်မှာ ပါဝင်ပါတယ်။

အဲ့ဒီတားမြစ်ချက်ကြောင့် laptop တွေ၊ ကင်မရာတွေ၊ tablet တွေ၊ e-reader တွေ၊ portable DVD player တွေ၊ အီလက်ထရွန်နစ် ဂိမ်းစက်တွေအပြင် ခရီးသွားလာရာမှာ သယ်ဆောင်သွားနိုင်တဲ့ printer တွေ၊ scanner တွေကို လေယာဉ်ပျံသန်းစဉ်အတွင်း ကုန်ပစ္စည်း သိုလှောင်ခန်းမှာ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာ ထုတ်ကုန်တွေကိုတော့ ဆက်လက် သယ်ဆောင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

Ref: CNNMoney