အသစ်ထွက်မယ့် Audi နဲ့ Volvo ကားများတွင် Android OS ပါဝင်လာမည်

Android Auto ကို လွန်ခဲ့တဲ့သုံးနှစ်က Google မိတ်ဆက်ခဲ့စဉ်က အဲ့ဒီ automobile နည်းပညာကို Android စမတ်ဖုန်းတစ်လုံးနဲ့ ချိတ်ဆက်ပြီး အသုံးပြုဖို့ လိုအပ်ခဲ့ပါတယ်။ အဲ့ဒီနောက် Google က Android OS ကို ကားတွေမှာ တိုက်ရိုက်ထည့်သွင်းဖို့ ဆောင်ရွက်ခဲ့ပြီး အခုအခါမှာတော့ Audi နဲ့ Volvo တို့ရဲ့ အနာဂတ်ကားတွေမှာ Android ပါဝင်လာမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ Google ဟာ အဲ့ဒီစနစ်ရဲ့ concept တစ်မျိုးကို CES 2017 မှာ Fiat Chrysler ကားတွေနဲ့အတူ ပြသခဲ့ဖူးပါတယ်။

အသစ်ထွက်မယ့် Audi နဲ့ Volvo ကားတွေမှာ Android ပါဝင်လာမယ့်အတွက်ကြောင့် ဒရိုင်ဘာတွေက Google Maps နဲ့ Google Assistant လို feature တွေကို စမတ်ဖုန်းနဲ့ချိတ်ဆက်စရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Google blog post တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြတင်းပေါက် အဖွင့်အပိတ်ပြုလုပ်ခြင်း၊ အဲကွန်းဖွင့်ခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်လုပ်ဆောင်ရာမှာလည်း Android က အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။

Audi အနေနဲ့ ကားတွေမှာ HERE map service တွေကို default အနေနဲ့ ဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ TechCrunch က ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Audi ကားပိုင်ရှင်တွေက Google Maps ကို ပြောင်းလဲအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ကားတွေမှာ Android ထည့်သွင်းမယ့် Google ရဲ့အစီအစဉ်အသေးစိတ်ကိုတော့ မေလ ၁၇ ရက်မှာကျင်းပမယ့် Google I/O 2017 မှာ သိရှိရမှာ ဖြစ်ပါတယ်။

Ref: AndroidAuthority