September 26, 2017

အင်္ဂလိပ်ဘာသာစကားကို တိုးတက်စေဖို့

မိခင်ဘာသာစကားတွေကနေ အခြားဘာသာစကား တစ်ခုခုကို ထပ်သင်တော့မယ်ဆိုရင် အင်္ဂလိပ်စာ ဘာသာစကားကို အရင်ဆုံးပြေးမြင်မိကြမှာပါ။ ဒီဘာသာစကားက မြန်မာပြည်မှာဆိုရင် မိခင်ဘာသာစကားပြီးရင် မတတ်မဖြစ် ဘာသာစကား တစ်ခုလို့တောင် ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အထက်တန်း ဘာသာသင်ယူတဲ့အခါမှာ မြန်မာစကားဟာ ဘာသာရပ်တစ်ခုအဖြစ်သာ ရှိနေတော့မှာဖြစ်ပြီး ကျန်ဘာသာရပ်အားလုံးဟာ အင်္ဂလိပ်လိုသင်ယူရမှာဖြစ်တာက တစ်ကြောင်းဖြစ်ပါတယ်။ လုပ်ငန်းခွင် ဝင်တဲ့အခါမှာ ဘွဲ့ရတစ်ယောက်ကိုခေါ်တဲ့အလုပ် အများစုက အခြေခံကွန်ပျူတာ တတ်ကျွမ်းစေရမယ့်အပြင် အင်္ဂလိပ်စာကိုပါ အရေး၊ အဖတ်၊ အပြော တတ်ရမယ်လို့ ပြောပြီးခေါ်တဲ့အလုပ်တွေ အတော်များပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို လေ့လာတော့မယ်ဆိုရင် အရင်ဆုံးသတိပြုရမှာက ငယ်ငယ်ကတည်းက သင်ကြားထားတာတွေက ဘာကြောင့် မတတ်သေးလဲဆိုတာပါ။ တကယ်တော့ ဘာသာစကားတစ်ခုကို တတ်မြောက်ဖို့က နည်းစနစ်တကျနဲ့ လေ့လာအားထုတ်မှုအပြင် ကိုယ်တတ်ထားတာလေး မပျောက်ပျက်သွားအောင် အသုံးပြန်ချရမယ့်နေရာ ရှိရမယ်ဆိုတဲ့အချက်ပါ။

ဘာကြောင့်ဆိုတာ စဉ်းစားမိသလား

ငယ်ငယ်တုန်းကကျောင်းမှာ အင်္ဂလိပ်ဘာသာကို သင်တဲ့အခါမှာ စာကားလုံး၊ အဓိပ္ပါယ်တွေ ကျက်ကြတယ်။ သဒ္ဒါတွေဆိုလည်း နည်းပေါင်းစုံနဲ့ သင်လိုက်ကြရတာ သောက်သောက်လဲ။ အင်္ဂလိပ်စာ စာစီစာကုံးလည်း ရေးရတယ်။ ဝတ္ထုတိုတွေလည်း ဖတ်ရတယ်။ ကဗျာတွေလည်း သင်ရတယ်။ သင်ရတာမှ သူငယ်တန်းကနေ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အထိပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်စကားကို ရည်လည်အောင် မပြောတတ်ကြပါဘူး။ ပြောလာတာကိုလည်း သိပ်နားမလည်ကြပါဘူး။ အင်္ဂလိပ်လို စာအုပ်တွေကို၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ စတာတွေလည်း မဖတ်တတ်ကြပါဘူး။ ဘာကြောင့်ပါလဲ။ မေးစရာရှိလာပါတယ်။ ကိုယ့်ဘဝထဲ ရောက်မလာလို့လား။ စာမေးပွဲမှာ သင်တာပဲဖြေရလို့လား။ စားမေးပွဲကို အလွတ်ကျက်ဖြေတာလား။ ကိုယ့်ဘာသာ ဆန်းစစ်ကြည့်သင့်ပါတယ်။ တက္ကသိုလ်မှာမှ သင်ကြားပေးနိုင်တဲ့ အတတ်ပညာမှတစ်ပါး သူလိုကိုယ်လိုသင်ယူလို့ရတဲ့ အတတ်ပညာတစ်ခု၊ အသိပညာတစ်ခုကို သင်ယူဖို့က တစ်နေ့ ၃ နာရီ ဆက်တိုက်လေ့လာရင် တစ်နှစ်ဆို အတော်အသင့် နားလည်တဲ့ အဆင့်ရောက်ပါပြီတဲ့။ သိပ်တော်တဲ့သူတွေဆို အတော်လေး ဆရာဖြစ်နေပြီ၊ သာမန်လူဆို အလယ်အလတ်အဆင့် ပတ်ချာလည်ပေါ့။

ဇွဲနဲ့အချိန်ပေးလေ့လာမယ်

ဒီတော့ ဘာသာစကားတစ်ခုကို လေ့လာမယ်ဆို တစ်နေ့ ၂ နာရီနဲ့ ၃ နာရီကြား နေ့တိုင်းလေ့လာမယ်ဆိုရင် တစ်နှစ်ဆိုအတော်သင့် ရောက်နေပါပြီ။ ဒီလိုလေ့လာဖို့ကတော့ ဇွဲကောင်းဖို့နဲ့ နည်းစနစ်ကောင်းရှိဖို့တော့ လိုအပ်ပါတယ်။ ဟုတ်ပါပြီ။ ဒါဆို ဘယ်လိုလေ့လာ ကြမလဲ။ ဒီလိုပြောတော့မယ်ဆိုရင်တော့ နေရာတစ်ခုကိုရောက်နိုင်တဲ့ နည်းလမ်းတွေက အများကြီးရှိတယ်လို့ ဆိုချင်ပါတယ်။ ပထမအချက်က ကိုယ်က တကယ်သိချင် တတ်ချင်တာလား။ ကိုယ့်အတွက် အချိန်ဖြုန်းပစ်ရာ မရောက်ဘဲ အမှန်တကယ်  အကျိုးရှိစေမှာလားဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ အချိန်ဟာဘဝဖြစ်နေလို့ပါ။ ဒီလိုသေချာတွေးပြီးလို့ လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ပထမဆုံးနေရာကို ပြင်ဆင်ပါ။ နောက်တစ်ချက်က တစ်နေ့ဘယ်လောက် လေ့လာမယ်။ ဘာတွေစလေ့လာမယ်၊
ဘာတွေကိုတော့ မလေ့လာသေးဘူးစသဖြင့် စီမံကိန်းရေးဆွဲပြီး ကိုယ်လေ့လာမယ့်နေရာမှာ ကပ်ထားပါ။ စာအုပ်ရဲ့ပထမဆုံး စာမျက်နှာလေးမှာ ရေးပေးထားပါ။ ဒါမှ အစီစဉ်တကျ လုပ်နိုင်မှာဖြစ်ပါတယ်။ အခုက အင်္ဂလိပ်စာလေ့လာဖို့အတွက် ပြောတာဖြစ်တာကြောင့် ဒီဘက်ကိုဇောင်းပေးပြောရမယ်ဆိုရင် အဘိဓာန် (Dictionary) ကောင်းတာလေးကို ယူထားပါ။ အင်္ဂလိပ်စာကနေ အင်္ဂလိပ်စာကို ဘာသာပြန်တာကိုလည်း ရှာယူထားသင့်သလို အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်တာကိုလည်း
ရှာယူထားသင့်ပါတယ်။ အကြံပေးချင်တာက ကျောင်းသုံး အင်္ဂလိပ်ကနေမြန်မာက အတော်ကောင်းတယ်၊ ရယူထားသင့်တယ်ဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာစကားလုံးတွေကို မြန်မာပြန်ဆိုထားတဲ့အပြင် စကားနဲ့သက်ဆိုင်တဲ့ ဝါကျကောင်းလေးတွေကို  အင်္ဂလိပ်တစ်ကြောင်း-မြန်မာပြန်တစ်ကြောင်း တည်ဆောက်ပေးထားတာက သင့်ကိုဘာသာပြန်ဆိုမှုအပိုင်း နားလည်အောင် အထောက်အကူ ကောင်းကောင်းပေးနိုင်မှာဖြစ်လို ဒီလိုရေးလို့ရပါလား ဆိုတာလည်း သိသွားပါလိမ့်မယ်။ ဝါကျတည်ဆောက်
ပုံလေးတွေပါ နားလည်သွားမှာပေါ့။

မိခင်ဘာသာစကားကို ဘယ်လိုတတ်လာသလဲ

ကိုယ်ကမြန်မာနိုင်ငံမှာမွေးပြီး မြန်မာစကား ဘယ်လိုပြောတတ်လာသလဲ၊ အခြားသူတစ်ယောက်က မြန်မာလိုပြောတာကို ဘယ်လိုနားလည်လာသလဲ၊ မြန်မာစာကို ဘယ်လိုဖတ်တတ်လာသလဲ၊ မြန်မာစာဘယ်လို ရေးတတ်လာသလဲ စတဲ့အချက်တွေ
ကို ကိုယ့်ဘာသာ အသေအချာလေ့လာ ဆန်းစစ်ကြည့်သင့်ပါတယ်။ မွေးလာကြတယ်၊ သူများပြောတာတွေကို နားထောင်ကြတယ်။ ကိုယ်နဲ့နီးစပ်သူတွေက စကားပြောသင်ပေးတယ်။ ကိုယ်ကမေးခွန်းတွေ မေးလာတယ်။ ကလေးတိုင်းက မေးခွန်းတွေ မေးပြီး ပတ်ဝန်းကျင်ကိုသင်ယူကြတယ်။ ပတ်ဝန်းကျင်ကလူတွေ ပြောတာနဲ့လုပ်တာကို အတုခိုးလုပ်ကိုင်ကြတယ်။ ဒီလိုနဲ့ စကားပြောတတ်လာတယ်။ ပြောတာကိုနားလည်လာတယ်။ ပြန်လှန်ပြောဆိုနိုင်လာတယ်။ ငါပြောတာမှားသွားမလားဆိုတာမရှိဘူး။
အဓိပ္ပါယ်ကောက်လွဲသွားမလား ဆိုတာမရှိဘူး။ တစ်ဖက်လူတွေကလည်း စကားပြောမှားသွားရင် ဒါမှမဟုတ် ဆိုလိုရင်းမှားနေရင် ပြင်ပေးကြတယ်။ ဒီလိုပဲပြောလာရင်းနဲ့ နားထောင်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းက အသုံးချနိုင်တဲ့အထိ ဖြစ်လာကြတယ်။ အထူးသတိပြုရမှာကတော့ ကိုယ့်မိခင်ဘာသာစကားမှာတောင် စကားပြေားကောင်းတဲ့သူ ဖြစ်လာအောင်၊  နားထောင်နိုင်စွမ်း မြင့်တဲ့သူဖြစ်လာအာင်၊ စာအရေးအသားကောင်းတဲ့ သူဖြစ်လာအောင်နဲ့ စာဖတ်သွက်တဲ့သူ ဖြစ်လာအောင်က အများစုအတွက် သီးသန့် လေ့ကျင့်ရတယ်ဆိုတာပါ။

ဒါ့ကြောင့် မိခင်ဘာသာစကားမှာလည်း နားထောင်တယ်- စကားပြောတယ်၊ အပြန်အလှန်ပြော တယ်ဆိုတာတွေက တစ်ဆင့်ပြီးတစ်ဆင့်လိုဖြစ်လာတာပါ။ နောက်ပိုင်းမှ စာရေးတာနဲ့ စာဖတ်တာကို သင်ယူရတာပါ။ တစ်ခုကတော့ ကိုယ်ကပြောဆိုနေ
တဲ့အရာတွေကို စကားလုံးတွေအဖြစ်ပြန်ရေးရတာ၊ ပြန်ဖတ်ရတာဖြစ်တယ်ဆိုတာပါ။ စာရေး၊ စာဖတ်တတ်သူတိုင်း၊ ငယ်ငယ်က စာရေးစာဖတ်တတ်အောင် သင်ရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိကြမှာပါ။ စာမရေးတတ်လို့၊ စာမဖတ်တတ်လို့ အမေကဆူတာ၊ ဆရာမကဆူတာတွေ ခံရဖူးမှာပါ။

ဒုတိယဘာသာစကားကို ဘယ်လိုတတ်အောင်လုပ်မလဲ

မိခင်ဘာသာစကားပြီးတော့ နောက်ဘာသာစကားတစ်ခုကိုသင်မယ်ဆိုရင် ဘယ်လိုစလေ့လာကြလဲ။ သေချာတာက ငယ်ငယ်တုန်းကလို ကိုယ့်အနားမှာ မိခင်ဘာသာစကားသင်ယူတုန်းကလို ကိုယ်နောက်ထပ်သင်ယူမယ့် စကားပြောဆိုတဲ့ အသိုင်းအဝိုင်း ရှိကောင်းမှရှိပါလိမ့်မယ်။ မရှိဖို့ကများပါတယ်။ ဒီတော့ သင်ယူနေတုန်း ကိုယ်ပြောနေတာတွေ မှန်/မမှန်ဆိုတာ ဘယ်လိုသိနိုင်မှာပါလဲ။ အဓိပ္ပါယ်ကရော လွဲသွားမှာလား။ ကိုယ်ပြောတာကို တစ်ဖက်သား နားလည်ပါ့မလားစတဲ့ အကြောင်းအရာပေါင်းစုံတွေ အတွေးထဲကို တန်းစီဝင်လာပါတယ်။ ဒီလိုအကြောက်တရားတွေကြောင့်ပဲ စကားပြောရမှာ အပြန်အလှန် မပြောဆိုနိုင်ကြတော့ပါဘူး။ ဒါကတော့ မိခင်ဘာသာစကား သင်ယူတုန်းကနဲ့ မတူတဲ့အချက်ပါ။ မိခင်ဘာသာစကားနဲ့ တူအောင်လေ့လာရင် မရဘူးလားဆိုတာကလည်း မေးစရာရှိလာပါတယ်။ ဒါတွေကို ဆက်လက်ဆွေးနွေးကြတာပေါ့။

အင်္ဂလိပ်စာကိုလေ့လာတဲ့အခါမှာ သင်လာတာကြာပေမယ့် ဘာကြောင့်မတတ်သေးတဲ့အကြောင်း၊ မိခင်ဘာသာစကားကို ဘယ်လိုသင်ယူ လေ့လာခဲ့တာလဲဆိုတာ၊ ဇွဲနဲ့အချိန်ပေးပြီး အဆက်မပြတ် လေ့လာသင့်တဲ့အကြောင်းနဲ့ ဒုတိယဘာသာစကားကို ဘယ်လိုတတ်အောင် လေ့လာရမလဲဆိုတဲ့အ ကြောင်းတွေကို အတော်လေးပြောပြီးပါပြီ၊ အခုတော့ နောက်ထပ်သိမှတ်ဖွယ်ရာတွေ၊ ကိုယ်သိပေမယ့် သတိမမူမိတာလေးတွေကို ထပ်ပြီးပြောပြပေးပါအုံးမယ်။

အင်္ဂါလေးရပ်

ဘာသာစကားတစ်ခုစီတိုင်းမှာ အင်္ဂါလေးရပ်ရှိပါတယ်။ ဒီလေးခုလုံး မပြည့်စုံတဲ့ ခြွင်းချက်တချို့တော့ ရှိတာပေါ့။ ဒါလေးတွေ လျစ်လျူရှုပြီး အသစ်စရအောင် အင်္ဂါလေးရပ်ကို ကြည့်ကြပါစို့။ အင်္ဂလိပ်စာဘာသာမှာလည်း အခြားဘာသာစကားတွေလို အရေး၊ အဖတ်၊ အပြောနဲ့ နားထောင်နိုင်စွမ်းဆိုပြီး အင်္ဂါရပ် လေးခုပါရှိပါတယ်။ အရေးနဲ့အဖတ်က ဆက်စပ်နေပြီး အပြောနဲ့နားထောင်နိုင်စွမ်းက ဆက်စပ်နေပါတယ်။

စကားပြောတတ်တယ်၊ ပြောတာကိုနားလည်တယ်၊ ဒါပေမဲ့ စာမဖတ်တတ်ဘူး။ စာမရေးတတ် ဘူးဆိုတဲ့သူတွေကို မြင်တွေ့ဖူးကြမှာပါ။ စကားပြောတတ်တိုင်း စာရေးတတ်ကြတာ မဟုတ်ပါဘူး။ ပြောနေကျသူက ပြောတတ်ပါတယ်။ ဒီအချက်ကိုသိရင် ကိုယ်က ဘာကိုစလုပ်မယ်လို့ စဉ်းစားနိုင်ပါပြီ။ စာရေးတတ်၊ စာဖတ်တတ်အောင် အရင်လုပ်မလား၊ နားထောင်မယ်၊ စကားပြောမယ်ဆိုတဲ့ အပိုင်းကိုပဲ အားစိုက်လုပ်မလားကြိုက်တာရွေးပေါ့။

နားထောင်ကြမယ်၊ စကားပြောမယ်

မွေးကတည်းက ဘယ်သူမှ ဘာသာစကားတစ်ရပ်ရပ် မပြောတတ်ကြပါဘူး။ နားထောင်တတ်၊ ကိုယ်လက်အမူအရာနဲ့ လိုချင်တာကို ပြောတာတော့တတ်ကြပါတယ်။ ဒီတော့ နားထောင်မှုနဲ့ စသင်ကြတာပေါ့။ အင်္ဂလိပ်စာအတွက်ပြောတာဖြစ်လို့ အင်္ဂလိပ်
သီချင်းတွေကို စနားထောင်ပေးပါ။ အင်္ဂလိပ်လိုပြောတာကို ကြားရအောင် အင်္ဂလိပ်စာတန်းထိုးပါတဲ့ အင်္ဂလိပ်ကားတွေကြည့်ပေးပါ။ ဒီလိုကြည့်ပေးရင် သူတို့အသံအနိမ့်မြင့်နဲ့ ပြောတာတွေကို နားလည်လာပါတယ်။ မြန်မာတွေရဲ့စကားပြောပုံနဲ့ အင်္ဂလိပ်လို ပြောတဲ့ပုံက မတူပါဘူး။ နေ့စဉ်သုံးစကားလုံးတွေ၊ အခေါ်အဝေါ်လေးတွေကို မှတ်ထားပါ။ ရုပ်ရှင်ထဲကပြောတဲ့ အသံအတိုင်းဖြစ်အောင် နားထောင်ပြီးရင် ပြန်ပြောကြည့်ပါ။ ရုပ်ရှင်တစ်ကားကို ၃ ခါလောက် စမ်းကြည့်ရင် စကားပြောတဲ့ အသံအနိမ့်အမြင့်တွေ ပြောင်းလဲတိုးတက် လာတာတွေ့ရမှာပါ။ အင်္ဂလိပ်သီချင်းတွေ လိုက်ဆိုကြည့်ပါ။ မဆိုခင် သီချင်းစာသားတွေကို ထုတ်ထားပြီး ဖတ်ကြည့်ပါ။ သူဘယ်လို သီဆိုသွားလဲလို့ နားထောင်ကြည့်ပါ၊ ပြီးရင်ပြန်ဆိုကြည့်ပါ။ ဒီလိုနဲ့အတော်လေး ထပ်တူညီအောင် ဆိုလာနိုင်ရင် အခြားသီချင်းတွေကို နားထောင်၊ လိုက်ဆိုကြည့်ပြီးရင် သီချင်းစာသားကိုထုတ်ပြီး ကိုယ်ဆိုတဲ့စကားလုံး ဟုတ်လား၊ မဟုတ်လား ပြန်စစ်ကြည့်ပါ။ စကားလုံးမှားနေရင် ပြန်နားထောင်ပြီး ဘာကြောင့်မှားသွားတယ်ဆိုတာ ပြန်စစ်၊ ဒီလိုနဲ့ မူရင်းအင်္ဂလိပ်အသံကို နားရည်ဝလာပါမယ်။ အသံထွက်တွေ။ အသံအနိမ့်အမြင့်တွေလည်း မှန်လာမှာပါ။ သီချင်းနဲ့ကျင့်တာက တစ်ယောက်တည်း လုပ်လို့ရပါတယ်။ အင်္ဂလိပ်ကားကောင်းလေးတွေ ကြည့်ပြီးလိုက်ပြော ကြည့်တာကလည်း အသံထွက်မှန်ဖို့နဲ့ အသုံးမှန်ဖို့အတွက် အလွန်ကို အထောက်အကူဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အင်္ဂလိပ်လိုနားထောင်စွမ်းရည်နဲ့ အပြောစွမ်းရည်အတွက် သင်ကြားပေးတဲ့ ဝက်ဘ်ဆိုက်လေးတွေကို ဝင်ကြည့်ပြီး မိမိဘာသာ လေ့လာရင်လည်း ရပါတယ်။

စာဖတ်ကြမယ်

စာဖတ်တဲ့အခါမှာ စတင်လေ့လာသူဖြစ်နေတဲ့ အချိန်မှာသူများတွေလို စာအုပ်အထူကြီးတွေကို ဖတ်ဖို့စိတ်မကူးပါနဲ့။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ စတာတွေကိုမဖတ်ပါနဲ့ စာဖတ်ခါစ သူတွေဖတ်နိုင်ဖို့ မူရင်းဝတ္ထုကြီးတွေကို ပြန်ရေးထားတဲ့ စကားလုံးရေ ကန့်သတ်ထားတဲ့ စာအုပ်တွေရှိပါတယ်။ ဒီစာအုပ်တွေကို အရောင်နဲ့ခွဲပေးထားပါတယ်။ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ Elementary ကို
စာလုံးရေ ၃၀၀ နဲ့ရေးပေးထားပြီး အဆင့်တိုင်းဆီအတွက် စာလုံးရေတိုးရေးပေးထားပါတယ်။ ဒီလိုစာအုပ်တွေကို အကုန်ဖတ်ပေးပါ။ အဆင့်ကျော်မဖတ်မိဖို့တော့ သတိထားရပါမယ်။ ကိုယ်က Elementary အဆင့်ကိုသာ စဖတ်နေတဲ့အချိန်မှာ Intermediate Level စာအုပ်တွေကို မဖတ်ပါနဲ့။ စာဖတ်တဲ့အခါမှာ မသိတဲ့စာလုံးတွေကို ကျော်ဖတ်ပါ။ စကားလုံးကို ဒီမှာဘယ်လိုဆိုလိုတာလည်း ဆိုတာကို တွေးကြည့်ပါ။ မသိတာကိုချရေးထားပါ။ စာဖတ်ပြီးမှ Dictionary ပြန်ကြည့်ပါ။ စာဖတ်နေတုန်း Dictionary ကြည့်မယ်ဆိုရင် စာဖတ်တာ မသွားတော့ဘဲ နှေးနေတဲ့အတွက် ပျင်းလာပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကို ၃ ကြိမ်လောက် ပြန်ဖတ်ပါ။ စာဖတ်တာကို
မြန်မာလို ဝတ္ထုတစ်အုပ်ဖတ်သလို ခံစားမိလာတဲ့အခါ စာဖတ်မြန်အောင်လေ့ကျင့်ပါ။ တစ်အုပ်ကို မိနစ် ၃၀ လောက်ဖတ်နိုင်အောင် ကျင့်ပါ။ ဒီလိုနဲ့စာဖတ်မြန်လာမှာပါ။ Advance Level အဆင့်လောက် ဖတ်လာနိုင်တဲ့အခါမှာတော့ သတင်းစာနဲ့ မဂ္ဂဇင်းတွေကို ဖတ်ကြည့်ပါ။ နားမလည်တာတွေ့ရင်လည်း ကြိုးစားဖတ်ပါ။ ဒီလိုမျိုး ဆက်တိုက်လေ့ကျင့်သူအနေနဲ့ တစ်နေ့ ၃ နာရီ အချိန်ပေးလေ့ကျင့်တဲ့အခါ တစ်နှစ်အတွင်းမှာ အတော်အသင့်ဖတ်နိုင်တဲ့သူ ဖြစ်လာပါမယ်။

စာရေးကြမယ်

စာဖတ်တဲ့အခါမှာ သဒ္ဒါအထားအသို မှန်ရဲ့လားလို့ တွေးစရာမလိုပါဘူး။ စာဖတ်များတဲ့အခါ စာလုံးတွေကို သူ့နေရာနဲ့သူ သုံးတတ်လာတာလည်း တွေ့ရမှာပါ။ စာဖတ်တာ ၆ လလောက်ကြာလာရင် စာရေးတာစတင်ပြီး လေ့ကျင့်သင့်ပါတယ်။ စာရေးတာက မူရင်းဘာသာစကား သုံးစွဲတဲ့သူတွေလည်း လေ့ကျင့်ရပါတယ်။ ကိုယ့်မြန်မာစကားမှာတောင် စာစီစာကုံးရေးတဲ့အခါမှာ ကောင်းအောင် ရေးနိုင်ဖို့က အတော်လေးကို လေ့ကျင့်မှရတာပါ။ ဒါတောင် လေ့ကျင့်ဖန်များမှ ဖြစ်တာပါ။ ဒါကြောင့် စာရေးတဲ့အခါမှာ ကိုယ့်ဆိုလိုရင်းကို တစ်ဖက်သားနားလည်အောင် ရိုးရိုးလေးရေးတာ ကောင်းပါတယ်။

သူများရေးထားတာတွေကို အတုယူရေးသားသင့်ပါတယ်။ စာကြောင်းတွေကို ဘယ်လိုရေးတယ် ဆိုတာကို အတုယူပါ။ ပြန်ရေးကြည့်ပါ။ တိုးတက်လာတာ တွေ့ရပါလိမ့်မယ်။

နိဂုံးချုပ်လေး

စာကြောင်း (sentence) ဘယ်လိုတည်ဆောက်တယ်။ စာကြောင်းတွေကို ဘယ်လိုဆက်တယ်။ Phrase က ဘယ်လို၊ Clause က ဘယ်လို၊ စာပိုဒ်တွေချိတ်ဆက်ရေးပုံ စတာတွေကို လေ့လာသင့်ပါတယ်။ နောက်တစ်ခုက အသုံးများတဲ့ စကားလုံး အတွဲတွေနဲ့ စကားလုံး Usage တွေကိုလေ့လာပါ။ ဒီလောက်ဆို စာရေးတာ အဆင်ပြေပါတယ်။ သတိထားရမှာက စကားလုံးအဓိပ္ပါယ်တွေကို အသေမှတ်ထားတာက မကောင်းဘူးဆိုတာပါ။ စကားလုံးက သုံးတဲ့နေရာလိုက်ပြီး အဓိပ္ပါယ်ကွဲပြားပါတယ်၊ သူနဲ့ဆက်တဲ့ Proposition ကြောင့်လည်း အဓိပ္ပာယ်နောက်တစ်ခု ပေါက်သွားပါတယ်။

တစ်ခုသတိထားရမှာက Advance Level အဆင့်လောက် စဖတ်နိုင်ရင်၊ အထက်ကပြောထားတဲ့ သဒ္ဒါသဘောနည်းနည်းသိပြီး ရေးတတ်လာရင် လုပ်ငန်းလုပ်မယ့်သူတွေက Business English ကို လေ့လာနိုင်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘာသာဗေဒလေ့လာသူ
တစ်ယောက်လို အသေးစိတ်လေ့လာ နေစရာမလိုပါဘူး။

အဆင့်သတ်မှတ်ထားတဲ့ ပြန်ရေးစာအုပ်တွေကို British Council စာကြည့်တိုက်နဲ့ American Council စာကြည့်တိုက်တွေမှာ ရနိုင်ပါတယ်။ မြန်မာလိုပါ ပြန်ရေးပေးထားတဲ့ စာအုပ်တွေကိုတော့ အချို့စာအုပ်ဆိုင်တွေမှာ ရှာဖွေနိုင်ပါတယ်။ ဒီလိုစာအုပ်တွေ
တွေ့ရင် မြန်မာအခြမ်းကို အရင်မဖတ်ပါနဲ့ အင်္ဂလိပ်စာဘက်ခြမ်းကို အရင်ဖတ်ပါ။ စာလုံးတွေရှာပြန်ဖတ်၊ ဒီလိုလုပ်ပြီးလို့ ၃ ကြိမ်လောက်ဖတ်ပြီးမှ မြန်မာဘက်ခြမ်းကိုဖတ်ပါ။ ကိုယ်နားလည်တာနဲ့ စာရေးသူပြန်ဆိုထားတာ ဘာတွေလွဲနေတယ်။ ဘာကြောင့် လွဲလည်း ဆိုတာအဖြေရှာကြည့်ပါ။ နားလည်နိုင်စွမ်းတိုးတက် လာပါလိမ့်မယ်။

ဒါပေမဲ့ စွဲစွဲမြဲမြဲမှတ်ထားသင့်တဲ့ အချက်တစ်ခုကတော့ အသုံးချနယ်ပယ်မရောက်ရင် သိထားတာတွေကို ပြန်အသုံးမချရင်တော့ အချိန်တစ်ခုရောက်ရင် ပြန်မေ့ကုန်ပါလိမ့်မယ်ဆိုတာပါ။

တိုးတက်အောင်မြင်ကြပါစေ…

မင်းသစ်