အက်ကွဲနေတဲ့ စမတ်ဖုန်း screen ကို ၂၄ နာရီအတွင်း ပြင်ဆင်ပေးနိုင်မယ့် self-healing screen

စင်းရာခြစ်ရာ ထင်နေတဲ့ screen နဲ့ ကွဲနေတဲ့ စမတ်ဖုန်း screen တွေကို အလိုအလျောက် ပြင်ဆင်ပေးနိုင်မယ့် screen တစ်မျိုးကို သုတေသီတွေက ဖန်တီးလိုက်ပါတယ်။

California Riverside တက္ကသိုလ်က သုတေသီတွေဟာ စင်းရာခြစ်ရာတွေကို ဖုံးပေးနိုင်ပြီး အက်ကွဲ တဲ့နေရာတွေကို ပြန်ဆက်ပေးနိုင်မယ့် polymer သစ်တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။

ဒီ polymer သစ်ဟာ မူလအရွယ်ထက် အဆ ၅၀ ဆွဲဆန့်နိုင်တာကြောင့် စင်းရာခြစ်ရာတွေကို အမြဲထင်မနေစေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လုံးဝအက်ကွဲနေတဲ့ screen ကိုလည်း ၂၄ နာရီအတွင်း ပကတိအတိုင်းဖြစ်အောင် ပြန်ဆက်ပေးနိုင်တယ်လို့ သိရပါတယ်။

“Self-healing material က လူ့အသားအရေလိုပဲ သီးခြားဖြစ်သွားတဲ့ အစိတ်အပိုင်းနှစ်ခုကို ဘာမှမဖြစ်ခဲ့ သလိုမျိုး ပြန်ဆက်ပေးနိုင်ပါတယ်” လို့ သုတေသီ Chao Wang က ပြောကြားခဲ့ပါတယ်။

အဲ့ဒီ polymer သစ်ကို screen တွေအပြင် ဘက်ထရီတွေမှာလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဖုန်း screen ကို အလိုအလျောက်ပြင်ဆင်ပေးနိုင်ပြီး ကြာရှည်သုံးနိုင်မယ့် self-healing lithium ion ဘက်ထရီတစ်မျိုး ဖန်တီးနေတယ်လို့ Wang က ဆိုပါတယ်။

ဆွဲဆန့်နိုင်တဲ့ polymer ကို နောက်သုံးနှစ်အတွင်း စမတ်ဖုန်း screen တွေနဲ့ ဘက်ထရီတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref: Telegraph