သမီးကိုသတ်ပြီး Live ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုကို ၂၄ နာရီကြာမှသာ Facebook ဖယ်ရှားနိုင်ခဲ့

ထိုင်းအမျိုးသားတစ်ဦးဟာ သူ့ရဲ့ အသက် ၁၁ လအရွယ် သမီးငယ်ကို သတ်ဖြတ်ပြီး Facebook Live နဲ့ ဗီဒီယို ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် Facebook ကုမ္ပဏီက ဖိအား အသစ်တွေနဲ့ ကြုံတွေ့နေရပါတယ်။

Facebook ပေါ်မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်နှစ်ခုအရ အသက် ၂၀ နှစ်အရွယ် Wuttisan Wongtalay ဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်မီ သူ့ရဲ့သမီးငယ်ကို လူသူကင်းမဲ့တဲ့ ဟိုတယ်တစ်ခုရဲ့ ခေါင်မိုးပေါ်ကနေ ကြိုးဆွဲချ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဖူးကတ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

စိတ်ထိခိုက်စရာကောင်းတဲ့ အဲ့ဒီ ဗီဒီယိုဖိုင်နှစ်ခုကို Facebook က မဖယ်ရှားမီ ၂၄ နာရီနီးပါးအကြာ Wuttisan ရဲ့ Facebook page ပေါ်က သုံးစွဲသူတွေက ကြည့်ရှုခဲ့ကြပါတယ်။ ပထမဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၁၁၂,၀၀၀ ရှိခဲ့ပြီး ဒုတိယ ဗီဒီယိုကတော့ ကြည့်ရှုကြိမ် ၂၅၈,၀၀၀ ရှိခဲ့ပါတယ်။ ဒီဗီဒီယိုတွေဟာ Google ရဲ့ YouTube အထိပါ ပျံ့နှံ့သွားခဲ့ပေမယ့် YouTube က ၁၅ မိနစ်အတွင်း ဖယ်ရှားခဲ့ပါတယ်။

Wuttisan ရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပုံကို Live မလွှင့်ခဲ့ပေမယ့် သူ့ရဲ့အလောင်းကိုတော့ သူ့သမီးဘေးမှာ တွေ့ရှိခဲ့တယ်လို့ ဒီအမှုကို ကိုင်တွယ်တဲ့ ထိုင်းရဲအရာရှိ Jullaus Suvannin က ဆိုပါတယ်။

“ဒါဟာ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီကိစ္စအတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။ Facebook ပေါ်မှာ ဒီလို content မျိုးအတွက် နေရာလုံးဝ မရှိပါဘူး။ ဒီဗီဒီယိုကို ဖယ်ရှားလိုက်ပါပြီ” လို့ Facebook ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

YouTube က ပြောရေးဆိုခွင့် ရှိသူတစ်ဦးကလည်း “YouTube မှာ ရှင်းလင်းတိကျတဲ့ မူဝါဒတွေ ချမှတ်ထားပါတယ်။ ဒီမူဝါဒတွေကို ချိုးဖောက်တဲ့ ဗီဒီယိုတွေကို သိတာနဲ့ အလျင်အမြန် ဖယ်ရှားသွားမှာပါ” လို့ ဆိုခဲ့ပါတယ်။

Facebook ရဲ့ ဗီဒီယို ဝန်ဆောင်မှုကိုသုံးပြီး အခုလိုမျိုး ဗီဒီယိုတွေထုတ်လွှင့်တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဇန်နဝါရီလက အမျိုးသားတစ်ဦး လူမဆန်စွာ ဝိုင်းဖွဲ့ရိုက်နှက်ခံရတဲ့ ဗီဒီယိုကို Facebook Live ကနေ ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုတဲ့အကြိမ် ၁၆,၀၀၀ ရှိခဲ့ပါတယ်။

မကြာသေးခင်ကလည်း Cleveland က အသက် ၇၄ နှစ်အရွယ် စက်ရုံအလုပ်သမားဟောင်း Rober Godwin အသက်ခံရတဲ့ ဗီဒီယိုဟာလည်း Facebook ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ မဟုတ်ပေမယ့်လည်း ဗီဒီယိုကိုဖယ်ရှားဖို့ Facebook က သုံးနာရီကြာ အချိန်ယူခဲ့ရပါတယ်။

Ref: TheGuardian