လုံခြုံရေးအတွက် တရုတ်ရဲများ Facial-Recognition မျက်မှန် အသုံးပြုနေ

တရုတ်လူမျိုး သန်းပေါင်းများစွာဟာ နှစ်သစ်ကူးအားလပ်ရက်အတွက် အလည်အပတ်ခရီးထွက်နေကြချိန်မှာ တရုတ်ရဲတွေဟာ လူစုလူဝေးကို လေ့လာစောင့်ကြည့်နိုင်တဲ့ toolbox အသစ်တစ်ခုကို ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်က အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ facial-recognition ထုတ်ကုန်တစ်မျိုးဖြစ်ပြီး မျက်မှန်မှာတင်ဆင်ထားပါတယ်။

တရုတ်နိုင်ငံဟာ artificial intelligence အခြေခံ နောက်ဆုံးပေါ် လေ့လာစောင့်ကြည့်ရေးနည်းပညာ အသုံးပြုနေတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ မိုဘိုင်းထုတ်ကုန်တွေကို လေ့လာစောင့်ကြည့်ရေးနည်းပညာ အထိ အသုံးချနိုင်ပြီး နေရာတွေမှာအထိုင်ချထားတဲ့ ကင်မရာတွေစောင့်မကြည့်နိုင်တဲ့နေရာတွေကို အာဏာပိုင်တွေက လေ့လာစောင့်ကြည့်လာနိုင်ပြီး ချက်ချင်းဆိုသလို တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကဖြန့်ချိခဲ့တဲ့ ထုတ်ကုန်တွေကို အခုတစ်ပတ်မှာ မီဒီယာတွေကို ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်တွေကို လာမယ့်တစ်ပတ်မှာ စတင်မယ့် နှစ်စဉ်ပြုလုပ်နေကျ နှစ်သစ်ကူးပွဲတော်ကာလအတွင်း တရုတ်ခရီးသွားတွေနဲ့ ပြည့်နှက်နေတဲ့ ဘူတာရုံတွေနဲ့ လေဆိပ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မျက်မှန်မှာ တပ်ဆင်နိုင်တဲ့ ကင်မရာမှာ facial-recognition နည်းပညာပါဝင်ပြီး အယောင်ဆောင်သွားလာနေတဲ့ ဝရမ်းပြေးတွေကို လူအုပ်ထဲကနေ အထင်အရှား ပြသပေးနိုင်ပါတယ်လို့ People’s Daily သတင်းစာက ဖော်ပြသွားပါတယ်။ အဲဒီသတင်းနဲ့အတူ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်စီရင်စုမြို့တော် ကျန်ဇူးက ဘူတာရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတစ်ဦးပုံကိုလည်း ဖော်ပြထားပါတယ်။ အဲဒီရဲမေဟာ လေ့လာစောင့်ကြည့်ရေး မျက်မှန်ကို တပ်ဆင်ထားပါတယ်။

အဲဒီထုတ်ကုန်တွေဟာ ကျန်ဇူးမြို့ရဲ့ အရှေ့ဘက် ရထားဘူတာရုံက ရထားသံလမ်းရဲတွေအတွက် အထောက်အပံ့ပေးခဲ့ပြီး အရေးပါတဲ့ အမှုအခင်းတွေနဲ့ ဆက်နွှယ်ပြီး အလိုရှိနေတဲ့ လူ (၇) ဦးနဲ့ အခြားလူတွေရဲ့ အထောက်အထား အသုံးပြုပြီး ခရီးသွားလာနေတဲ့ လူ (၂၆) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေက ရထားနဲ့ လေကြောင်းခရီးသွားလာရေးကို စောင့်ကြည့်နေပါတယ်။ တစ်ခါတစ်ရံမှာ လူတွေဟာ အထောက်အထားတွေ ငှားရမ်းအသုံးပြုပြီး ခရီးသွားလာတာကို ကန့်သတ်ထားတာကို ရှောင်လွှဲဖို့ ကြိုးစားတဲ့အခါ ပြစ်ဒဏ်ပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စိုးထက်
Ref: WSJ