November 19, 2017

လက်ဖဝါးပြင်ပေါ်က အသေးစားရုပ်ရှင်ပိတ်ကားပြင်

ယနေ့ခေတ်မှာ laptop တွေ၊ Full HD TV တွေ၊ စမတ်ဖုန်းတွေဟာ လူအတော်များများမှာ ရှိနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို အရင်ခေတ်ကလို ရုပ်ရှင်ရုံမှာပဲ သွားသွားကြည့်ရတာမျိုး မရှိတော့ဘဲ ကိုယ့်အိမ်မှာတင် ကြည့်လို့ရနေပါပြီ။ ဒါဆိုရင် ရုပ်ရှင်ရုံမှာကြည့်တဲ့ လူနည်းသွားမှာပေါ့ဆိုပြီး တွေးစရာရှိလာပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရုံမှာကြည့်တဲ့သူက မနည်းသွားပါဘူး။ ဒါဆို ဘာလို့ရုပ်ရှင်ရုံကို သွားပြီးကြည့်နေကြပါလိမ့်။

ဒီမေးခွန်းအတွက် အဖြေတွေဟာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေပါလိမ့်မယ်။ တချို့က သူငယ်ချင်းတွေနဲ့ အတူတူ ကြည့်ချင်လို့၊ တချို့က အော်ချင်လို့၊ တချို့ကရုပ်ရှင်ရုံမှာ ကြည့်ရတာကို ကြိုက်လို့စသဖြင့် အမျိုးမျိုးရှိကြပါလိမ့်မယ်။ ဒီလိုတွေ ကွဲပြားနေပေမယ့် အားလုံးမှာ တူညီတဲ့အဖြေ တစ်ခုကတော့ ရှိနေပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်ရုံရဲ့ အသံစနစ်၊ ရုပ်ထွက်စနစ်တွေဟာ အိမ်ကတီဗွီတွေ၊ ဖုန်းတွေကပေးစွမ်းနိုင်တာထက် သာလွန်နေလို့ပါပဲ။

ဟုတ်ပါတယ်။ ရုပ်ရှင်ရုံရဲ့ အသံစနစ်တွေ၊ ရုပ်ထွက်စနစ်တွေဟာ သာမန်အိမ်သုံး နည်းပညာပစ္စည်းတွေထက် သာလွန်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ Dolby® Surround Sound လို ထိပ်တန်း နည်းပညာကြီးတွေရှိသလို ရုပ်ထွက်ပိုင်းဆိုင်ရာမှာလည်း Dolby® Cinema တို့လို နည်းပညာတွေ ရှိပါတယ်။ ဒီလိုနည်းပညာတွေကြောင့် ရုပ်ရှင်ရုံဟာအိမ်တွင်း မီဒီယာထက် အဆင့်ပို မြင့်နေတာဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာတော့ စမတ်ဖုန်းကို လူတိုင်းက အလေးထား လာကြတာကြောင့် နည်းပညာရှင်တွေရဲ့ တီထွင်ဖန်တီးမှုဟာလည်း စမတ်ဖုန်းတွေကိုသာ အဓိကဦးတည်လာကြပါတယ်။ စမတ်ဖုန်းတစ်လုံးကို ဖုန်းတစ်လုံး ထက်ပိုအောင် သာမန်ထက်ပိုအောင်
ဖုန်းကုမ္ပဏီတွေဟာ နည်းပညာသစ်တွေကို သူ့ထက်ငါအပြိုင်အဆိုင် တီိထွင်ဖန်တီးကြံဆကြပါတယ်။

ဒီနည်းပညာတွေထဲမှာ စမတ်ဖုန်းတစ်လုံးရဲ့ ရုပ်ထွက်ကို သာမန်ထက် ပိုအောင်ရုပ်ရှင်ရုံ အတွေ့အကြုံ နီးပါးရအောင် ထောက်ပံ့ပေးမယ့် နည်းပညာတွေလည်း ပါပါတယ်။ ပြောရမယ်ဆိုရင် စမတ်ဖုန်း တစ်လုံးကို အသေးစားရုပ်ရှင် ပိတ်ကားပြင်လေးအဖြစ် ပြောင်းလဲပေးမယ့် နည်းပညာတွေပေါ့။ ဒီနည်းပညာတွေကတော့ Dolby Vision, HDR10, Mobile
HDR Premium စတာတွေပဲ ဖြစ်ပါတယ်။

ဒီနည်းပညာတွေကို မိတ်ဆက်တာ မကြာလှသေးပါဘူး။ အထင်ရှားဆုံး အနေနဲ့ကတော့ မနှစ်ကထွက်ရှိခဲ့တဲ့ Samsung Galaxy Note 7 နဲ့ ဒီနှစ်မကြာသေးမီက ထွက်ရှိလာတဲ့ Samsung Galaxy Note 8 တို့ဟာ Mobile HDR Premium အထောက်အပံ့ ပါဝင်ပါတယ်။ Sony ရဲ့နာမည်ကြီး Xperia XZ Premium ကတော့HDR 10 နည်းပညာ အထောက်အပံ့ ပါဝင်ပါတယ်။ LG G6 ကတော့ သူ့နောင်တော် LG TV တွေလိုပဲ Dolby Vision ရော HDR 10 ကိုပါ ထောက်ပံ့ပါတယ်။

ကဲ ဒီနည်းပညာတွေဟာ ဘယ်လိုမျိုးလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

HDR ဆိုတာဘာလဲ။

အပေါ်က နည်းပညာတွေအကြောင်း မပြောခင်အခြေခံလေးကို စတင်မိတ်ဆက်ဖို့လို မယ်ထင်ပါတယ်။ ဟုတ်ပါပြီ။ HDR ဆိုတာ ဘာကိုပြောတာလဲ။ HDR ဆိုတာကတော့ High Dynamic Range ရဲ့အတိုကောက်ဖြစ်ပါတယ်။ သူ့ရဲ့အဓိပ္ပါယ်ကတော့
အရောင်အသွေး ပိုမိုစုံလင်တာကို ဆိုလိုတာဖြစ်ပါတယ်။ HDR နည်းပညာဟာ TV တွေမှာ ရောက်ရှိခဲ့တာ အနည်းငယ်ကြာခဲ့ပါပြီ။

TV ပေါ်မှာဆိုရင်တော့ HDRဆိုတာဟာ မည်းတဲ့နေရာမှာ လုံးဝမည်းနက်နေပြီးတော့ ဖြူတဲ့နေရာမှာ လုံးဝဖူဖွေးပြီး brightness အမြင့်ဆုံးနဲ့ တောက်ပနေတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ စံပြုထားတဲ့ HDR scene မြင်ကွင်းတစ်ခုကတော့ နေဝင်ချိန်
ရှုခင်းပဲ ဖြစ်ပါတယ်။ ဒီရှုခင်းကို HDR နည်းပညာနဲ့သာ ပုံဖော်လိုက်မယ်ဆိုရင် ကောင်းကင်က ပုစွန်ဆီရောင်၊  တောင်တန်းတွေက အမည်းရောင်နဲ့ တောင်အောက်ကို ဝင်လုဆဲဆဲ လိမ္မော်ရောင်နေလုံးကြီးကို သဘာဝကျကျပီပီပြင်ပြင် မြင်တွေ့ရမှာဖြစ်ပါတယ်။

စမတ်ဖုန်းတွေအတွက် တီထွင်ထားတဲ့ Mobile HDR နည်းပညာဟာလည်း ထိုအတိုင်းပါပဲ။ သာမန်ဖုန်းတွေရဲ့ ရုပ်ထွက် ထက်ပိုမိုသာလွန်တဲ့ သဘာဝကျတဲ့ ရုပ်ထွက်တွေကို ပေးစွမ်းနိုင်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ရုပ်ရှင်တွေ၊ ဂိမ်းတွေရဲ့ ရုပ်ထွက်ကို ပိုမိုကောင်းမွန်စေဖို့ပဲဖြစ်ပါတယ်။

Mobile HDR ဆိုတာဘာလဲ။

Mobile HDR ဟာ software ကို အသုံးချပြီးတော့ display ရဲ့ brightness ကို ထိန်းချုပ်ပြီး HDR TV တွေလိုပဲ စမတ်ဖုန်းတွေရဲ့ ရုပ်ထွက်ကို ပိုမိုကောင်းမွန်အောင်၊ ရှုချင်စဖွယ် အရောင်အသွေးတွေ ရရှိအောင် ပြုလုပ်ပေးတဲ့နည်း ပညာပဲဖြစ်ပါတယ်။

ဒီနည်းပညာဟာ brightness နဲ့လည်း ဆိုင်ပါသေးတယ်။ Mobile HDR နည်းပညာဟာ display ရဲ့ brightness ကို အဆုံးစွန်အထိအောင် အသုံးချပြီိး လင်းသင့်တဲ့နေရာမှာ တကယ့်ကို လင်းလက်နေအောင် ပြုလုပ်ပေးပါတယ်။ စမတ်ဖုန်းအများစုရဲ့
display ဟာ အပြည့်အဝအသုံး ချခံရခြင်းမရှိပါဘူး။ ဒီ HDR နည်းပညာကတော့ display ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအကောင်း ဆုံးအသုံးချထားပါတယ်။

ဒီနေရာမှာ HDR နည်းပညာတစ်ခုနဲ့တစ်ခု မတူညီတာတွေရှိပါတယ်။ Dolby Vision ဟာ HDR10 နဲ့ ရည်ရွယ်ချက်ချင်း တူညီပေမယ့် အသုံးပြုတဲ့ နည်းပညာကတော့ ကွာခြားပါတယ်။ Dolby Vision ဟာ အသေးစိတ် frame-by-frame metadata တစ်ခုချင်းစီကို
HDR အဖြစ် ပြောင်းလဲပေးပြီးတော့ အကောင်းဆုံး ရုပ်ထွက်ရရှိအောင် ပြုလုပ်ပေးပါတယ်။ HDR10 ကတော့ဒီလို metadata တွေကို သိပ်သုံးလေ့မရှိတာ ကြောင့် Dolby Vision လောက်တော့ မကောင်းပါဘူး။ ဒါ့အပြင် Dolby Vision နည်းပညာပါဝင်တဲ့ ဖုန်းတွေဟာ အခုချိန်မှာ တော်တော်လေးကို ရှားပါးနေပါသေးတယ်။ ဒါပေမဲ့ ဒီနှစ် ၂၀၁၇ ခုနှစ်ထဲမှာတော့ Dolby Vision နည်းပညာကို ပိုမိုထည့်သွင်းလာကြမယ်လို့တောင် ထင်ပါတယ်။

Mobile HDR Premium ဆိုတာဘာလဲ။

၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလမှာ Ultra HD Alliance အဖွဲ့ကြီးက စမတ်ဖုန်းတွေအတွက် Mobile HDR Premium ဆိုတဲ့ စံတစ်ခုကို တရားဝင်ကြေညာခဲ့ပါတယ်။ ဒီ Ultra HD Alliance ဆိုတဲ့ အဖွဲ့ကြီးဟာ အနာဂတ်မျိုးဆက်သဟစ် ဖျော်ဖြေတင်ဆက်မှုတွေအတွက် စံနစ်တစ်ခုကို ဖော်ထုတ်ဖို့ရာ ရည်ရွယ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတွေ၊ နည်းပညာ ကုမ္ပဏီတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးက စံအဖြစ် သတ်မှတ်ခဲ့တဲ့ Ultra HD Premium ဟာ Samsung တို့ LG တို့က ထုတ်တဲ့ TV
တော်တော်များများမှာ ပါဝင်လာပြီဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေအတွက်တော့ ဒီ Mobile HDR Premium အမှတ်အသား ပါဝင်တယ်ဆိုတာ ဟာ mobile HDR ဖျော်ဖြေ တင်ဆက်မှုအတွက် အကောင်းဆုံး အတွေ့အကြုံ experience ကို ရရှိနိုင်စေမယ့် စံသတ်မှတ်ထားတဲ့ specification တွေ အဲ့ဒီဖုန်းမှာ ပါဝင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ စံအဖြစ်သတ်မှတ်ထားတဲ့ specs တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

Resolution: 60 pixels/degree

Dynamic Range: 0.0005-550 nits

Color Space: 90 percent of P3 color gamut

Bit depth: 10

ဒီစံသတ်မှတ်ချက်ဟာ စမတ်ဖုန်းတွေ၊ Tablet တွေ၊ Laptop ကွန်ပျူတာတွေ အကုန်လုံးနဲ့အ ကျုံးဝင်ပါတယ်။ ဆိုလိုတာကတော့ 4K resolution အထိ ရှိစရာမလိုဘဲ HDR ကို ထောက်ပံ့နိုင်တဲ့ဘယ် device ကိုမဆို ဒီ Mobile HDR Premium အမှတ်အသား ပေးအပ်နိုင်တယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

မိုဘိုင်း device တွေမှာ Dolby Vision ဘယ်လိုအလုပ် လုပ်သလဲ။

TV တွေမှာ ရှိနေပြီးဖြစ်တဲ့ Dolby Vision ကို မိုဘိုင်းလောက ဆီစတင်သယ်ဆောင်လာတဲ့ ဖုန်း ကတော့ LG G6 ပဲဖြစ်ပါတယ်။ ဒါပေမဲ့ နည်းလမ်းကတော့ ကွာခြားသွားပါတယ်။ TV တွေမှာ Dolby Vision ကို hardware က လုပ်ဆောင်ပေမယ့် mobile device တွေ
မှာတော့ software-based နည်းလမ်းနဲ့ လုပ်ဆောင်ပါတယ်။ ဒါကြောင့် mobile device တွေမှာ Dolby Vision နည်းပညာအတွက် TV တွေလို hardware သီးသန့်မလိုတော့ဘဲ software ရှိရင်ကို ထောက်ပံ့နိုင်ပြီ ဖြစ်ပါတယ်။

အခုလို software ကို အခြေခံထားတဲ့ နည်းပညာဖြစ်တာကြောင့် Dolby Vision ဟာ စမတ်ဖုန်းပေါ်မှာ မြင်သမျှ အရာအားလုံးကို HDR အဖြစ်ပြောင်းလဲ ပေးမှာမဟုတ်ပါဘူး။ ဥပမာ Netflix ပေါ်က Luke Cage ဇာတ်ကားမျိုးလို HDR အတွက် encode ပြုလုပ်ထားတဲ့ content တွေကိုသာHDR အဖြစ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Sony ရဲ့ X-Reality Image engine လိုမျိုး display ပေါ်မှာ ပေါ်လာသမျှ ပုံရိပ်တိုင်းကို ကောင်းမွန်အောင် ပြုလုပ်ပေးမှာမဟုတ်ပါဘူး။ အထူးပြုလုပ်ထားတဲ့ ဇာတ်ကားတွေကို ကြည့်မှသာ Dolby Vision က စတင်လည်ပတ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Dolby Vision ကို အဖွင့်အပိတ်လုပ်လို့ ရမှာမဟုတ်ပါဘူး။ HDR နဲ့ကြည့်ဖို့ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်ကြည့်လိုက်မှသာ အလိုလိုစတင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ဖိုင်ထဲမှာ ပါဝင်တဲ့ metadata တွေကိုသုံးပြီး HDR ရုပ်ထွက်ခံစားကြည့်
ရှုနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Dolby Vision ဟာ resolution နဲ့ ပတ်သက်မှု မရှိပါဘူး။ တကယ်လို့ လိုင်းမကောင်းတာကြောင့် Netflix တို့၊ Amazon တို့ရဲ့ ဇာတ်ကားတွေကို resolution အနိမ့်နဲ့ကြည့်တဲ့အခါမှာ HDR effect ကို ရရှိနိုင်တယ်လို့ Dolby က ဆိုပါတယ်။

ဖုန်းရဲ့ Auto-dimming ကရော ဘယ်လိုသက် ရောက်မှု ရှိမှာလဲ။

ဒီကိစ္စဟာ mobile device တွေရဲ့ HDR အတွက် ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဖုန်းတွေမှာ touch ကို အသုံးမပြုတာ အချိန်တစ်ခုကြာရင် မျက်နှာပြင်ကို မှောင်သွားစေတဲ့ feature ပါရှိပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ရဲ့ အလင်းရောင်ကိုလိုက်ပြီး ချိန်ညှိပေးမယ့် Auto-brightnessfeature လည်း ပါဝင်ပါသေးတယ်။

ဒီကိစ္စတွေဟာ HDR ရုပ်ထွက်ပေါ်မှာ ထိခိုက်မှုရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး Dolby ကို မေးကြည့်တဲ့အခါမှာလည်း Dolby က အကောင်းဆုံး ရုပ်ထွက်ကို ပေးစွမ်းနိုင်ဖို့အတွက် ဒီလိုမျိုး အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစား ထားပါတယ်လို့ ဆိုပါတယ်။

Brightness ရဲ့ HDR ရုပ်ထွက်အပေါ် သက်ရောက်မှုကို ကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်။ Auto brightness ကိုပိတ်ပြီး brightness ကို အဆုံးထိလျှော့ချ လိုက်မယ်ဆိုရင် ရုပ်ထွက်ဟာ မွဲမွဲကြီး ဖြစ်သွားတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Auto-brightness ကို ဖွင့်ထားတာဟာ အကောင်းဆုံး အဖြေဖြစ်မယ်လို့ ထင်ပါတယ်။

HDR Movies တွေကို ဘယ်မှာကြည့်နိုင်မလဲ။

HDR Movies တွေကို ကြည့်နိုင်မယ့် website တွေဟာ အခုချိန်မှာ အနည်းအကျဉ်းသာ ရှိပါသေးတယ်။ ဒီ website တွေကတော့ Netflix, Amazon, Youtube, Vudu တို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားအကုန်လုံးကို HDR နဲ့ ကြည့်နိုင်မှာ မဟုတ်ပါဘူး။ HDR ဇာတ်ကားတွေကို Search bar မှာ HDR လို့ ရိုက်ထည့် ပြီးရှာဖွေနိုင်မှာဖြစ်ပါတယ်။

လက်ရှိ ကိုယ်သုံးနေတဲ့ ဖုန်းကရော HDR ရုပ်ထွက်ကို ရနိုင်မလား။

Mobile HDR Premium စနစ်ကတော့ specs တွေပေါ်မှာ မူတည်နေတာ ဖြစ်တာကြောင့် ရနိုင်မရနိုင်ကို အသေအချာတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ Dolby Vision ကတော့ software အသုံးချစနစ်ဖြစ်တာကြောင့် ဖုန်းတိုင်းလို လိုမှာရနိုင်မှာ ဖြစ်ပါတယ်။ Dolby
ကလည်း သူတို့ရဲ့ နည်းပညာဟာ specs တွေအပေါ် မမူတည်ဘဲ display ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရအောင်သာ ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းရဲ့ထုတ်လုပ်တဲ့ ကုမ္ပဏီကသာ Dolby Vision ကို ထောက်ပံ့မယ်ဆိုရင် HDR ရုပ်ထွက်ကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-ကိုသုတ

Ref; http://www.pocket-lint.com/news/
138387-mobile-hdr-dolby-vision-hdr10-and-mobile-hdr-premium-explained