မိုဘိုင်းဖုန်း ကင်မရာတွေမှာ Lens တပ်ဆင်ပြီး ရိုက်ကူးခြင်း

မိုဘိုင်းဖုန်းတွေမှာ အခုဆိုရင် ကင်မရာက ပိုမိုပြီး အဓိကကျတဲ့ နေရာကိုရောက်လာတာကို တွေ့ရပါတယ်။ အရင်က မိုဘိုင်းဖုန်းကို အင်တာနက်သုံးရုံ ဖုန်းပြောရုံလောက် သုံးကြပေမယ့် နောက်ပိုင်းမှာ ဖုန်းကုမ္ပဏီတွေကလည်း ကင်မရာတွေ ပိုကောင်းအောင် ဖန်တီးလာကြပါတယ်။ လူတိုင်းဟာ ကိုယ်တစ်နေရာကို သွားပြီဆိုတာနဲ့ ကင်မရာထက် မိုဘိုင်းဖုန်းကို ယူသွားလေ့ ရှိကြပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းမှာပါတဲ့ ကင်မရာနဲ့ပဲ ဓာတ်ပုံတွေ ကိုမှတ်တမ်းတင်ကြပြီး အကောင်းဆုံး ဓာတ်ပုံတွေထွက်အောင် ဖန်တီးရိုက်ကူး ကြပါတယ်။ မိုဘိုင်းဖုန်းရဲ့ ကင်မရာ အကောင်းအဆိုးပေါ် မူတည်ပြီး ကိုယ်ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကလည်း ကောင်းမွန်သွား တတ်ကြပါတယ်။ အဲဒါအပြင်ကိုမှ အချို့မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ ဝါသနာအိုးတွေက DSLR ကင်မရာတွေမှလိုပဲ မိုဘိုင်းဖုန်းကို Lens တွေ တပ်ဆင်ပြီး ရိုက်ကူးချင်ကြပါတယ်။ အဲဒီအာသီသကို ဖြည့်ဆည်းပေးဖို့ မိုဘိုင်းဖုန်းမှာ တပ်ဆင်သုံးနိုင်တဲ့ Lens တွေကို အပြိုင်အဆိုင် ဖန်တီးပြီး ဈေးကွက်ထဲကို တင်ပို့ကြပါတယ်။ အဲဒီအထဲမှာ ကောင်းတာတွေလည်းရှိသလို စိတ်ကျေနပ်အောင် သုံးစွဲလို့ မကောင်းတာတွေလည်း ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ အခုဆောင်းပါးLens တွေရဲ့ အကြောင်းနဲ့ ကောင်းမွန်ပြီး လူသုံးများတဲ့ မိုဘိုင်းဖုန်း Lens တွေအကြောင်းကို ရေးသားသွားမှာ ဖြစ်ပါတယ်။

Micro, Wide Angle Fish Eye နဲ့ Telephoto

Camera အသုံးပြုကြတဲ့ အခါမှာ Professional ကင်မရာသမား တစ်ယောက်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကင်မရာသမား တစ်ယောက်ပဲဖြစ်ဖြစ် သူတို့တွေက ရုပ်ပုံကောင်းကောင်းတွေ ဖန်တီးမှုကောင်းကောင်းတွေ လုပ်နိုင်ဖို့အတွက် ဆိုရင်တော့ မရှိမဖြစ် အပေါ်က ခေါင်းစဉ်မှာ ဖော်ပြခဲ့တဲ့ Micro, Wide Angle, Fish Eye နဲ့ Telephoto တွေကို တစ်နေရာမှာ မဟုတ်တစ်နေရာမှာ လိုအပ်မှာပဲ ဖြစ်ပါတယ်။ အဲလိုပဲ အခုနောက်ပိုင်းမှာဆိုရင် မိုဘိုင်းဖုန်းကင်မရာ ရူးသွပ်သူတွေက သူတို့ရဲ့ ကင်မရာတွေကို အဆင့်မြှင့်တင်ဖို့အတွက် ကင်မရာမှာ Lens ထပ်တပ်ဆင်တဲ့အခါ အဲလို Lens တွေကိုပဲ ဝယ်ယူတပ်ဆင်ကြပါတယ်။ တပ်ဆင်ပြီး ရိုက်ကူးကြတဲ့ အခါမှာလည်း များပြားလှတဲ့ ဓာတ်ပုံ idea တွေမှာ အထောက်အကူ ကောင်းကောင်းဖြစ်တာကြောင့် သုံးစွဲသူတွေကလည်း များပြားကြတာကို တွေ့ရပါတယ်။ အောက်မှာကတော့ ဘယ်Lens က ဘယ်လို သုံးတယ်ဆိုတာကို ဆက်ပြော
ပြသွားပါမယ်။

The Zoom (Telephoto)

Telephoto lens ဆိုတာကတော့ မိုဘိုင်းဖုန်းမှာ ပါဝင်တဲ့ ကင်မရာထက် Focal Length ကိုပိုမိုရှည်လျားအောင် တပ်ဆင်ရိုက်ကူး ကြနေရာမှာ သုံးပါတယ်။ ကင်မရာပါဝင်တဲ့ မြင်ကွင်ကျယ်ပြန့်မှုတွေကို လျှော့ချပေးပြီး ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံတစ်ခု Subject တစ်ခုကို သေချာ Focus ထားချိန်ရွယ် ရိုက်ကူးတဲ့နေရာမှာ ပိုမိုကောင်းမွန်တာကို တွေ့ရပါလိမ့်မယ်။ ဒီ Lens တွေကို လူသိများတာကတော့ Optical Zoom လို့လူသိများ ကြပါတယ်။ ဘာလို့လဲဆိုတော့ Digital ကင်မရာတွေတော်တော်များများမှာ Digital Zoom နဲ့ Optical Zoom ဆိုတာရှိပြီး Digital Zoom ဟာ pixel တွေကို ချဲ့ယူပြီး ပုံကိုဆွဲယူလိုက်တဲ့ ပုံစံအမျိုးအစား ဖြစ်ပါတယ်။ Optical Zoom ကတော့ Lens ကို အဓိထား လုပ်ဆောင်တဲ့ သဘောဖြစ်ပါတယ်။

The Micro

Micro ဆိုတာကတော့ အနီးကပ်ကို အနုစိပ် ရိုက်ကူးတဲ့နေရာမှာ တပ်ဆင်အသုံးပြုတဲ့ Lens အမျိုးအစား ဖြစ်ပါတယ်။ အရင်က လက်ကိုင်အသေးစား Digital ကင်မရာတွေမှာ ပန်းပွင့်ပုံစံသင်္ကေတနဲ့ ဖော်ပြထားတဲ့ Mode ကိုပြောင်းလိုက်ရင် Subject တွေကို အနီးကပ် ရိုက်ကူးတာတွေမှာ အထောက်အပံ့ပေးတယ်ဆိုတဲ့ သဘောမျိုးကိုတွေ့ရပါတယ်။ အဲလိုပဲ မိုဘိုင်းဖုန်းမှာ ဒီ Micro Lens ကို တပ်ဆင်ရိုက်လိုက်မယ်ဆိုရင် ကိုယ်ရိုက်ချင်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေ၊ သေးငယ်တဲ့ အင်းဆက်လေးတွေ အပင်တွေ၊ ပန်းပွင့်တွေကို အနီးကပ်ဆွဲယူ ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။

The Fish Eye

Fish Eye ဆိုတာက ငါးမျက်လုံးဆိုပြီး ဖတ်လိုက်တာနဲ့ တန်းသိမှာပါ။ ငါးမျက်လုံးလေးဟာ အပြင်ဘက်ကိုစူ ထွက်နေပြီး သူတို့မျက်လုံးပေါ်က မှန်ဘီလူးဟာ ခုံးနေတဲ့အတွက် ပုံရိပ်တွေက ကွေးနေတာကို တွေ့ကြရပါမယ်။ ငါးကတော့ ဘယ်လိုအမြင် ရှိမလဲမသိပေမယ့် လူတွေလေ့လာထားတာတော့ ပတ်ဝန်းကျင်က ပုံရိပ်တွေက ခုံးပြီး ပတ်ဝန်းကျင်ရဲ့ တော်တော်များများကို မြင်နိုင် တာကို တွေ့ရပါတယ်။ အဲဒီ Fish Eye Lens တွေကို DSLR တွေမှာလည်း တပ်ဆင်သုံးစွဲကြပြီး ထူးခြားတဲ့အမြင်ဖြစ်အောင် ရိုက်ကူးတဲ့အခါမှာ အဲဒီ Lens ကိုတပ်ဆင် အသုံးပြုကြပါတယ်။ အဲလိုပဲ မိုဘိုင်းဖုန်းကင်မရာသမားတွေကလည်း သူတို့ စိတ်ဆန္ဒတွေအတိုင်း လုပ်နိုင်ဖို့အတွက်ကို Fish eye lens တွေ လိုအပ်တာကြောင့် ထုတ်လုပ်သူတွေကလည်း တပ်ဆင်သုံးစွဲလို့ရအောင် ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

Wide Angle Lens

Wide Angle Lens ဆိုတာကတော့ မြင်ကွင်းကျယ် အနေအထားကိုရ နိုင်ဖို့အတွက် တပ်ဆင်အသုံးပြုရတဲ့ Lens အမျိုးအစားပဲ ဖြစ်ပါတယ်။ အချို့ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ မှန်ဘီလူးက Limit တစ်ခု အနေအထားမှာရှိ တာကြောင့် ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ရိုက်ကူးဖို့အတွက် ကောင်းကောင်း အထောက်အပံ့ မပေးထားပါဘူ။ နောက်ပိုင်း Flagship ဖုန်းတွေမှာတော့ ပိုကောင်းတဲ့ ကင်မရာတွေကြောင့် Wide View ပိုရအောင် Hardware နဲ့ရော Software နဲ့ရော ဖန်တီးထားကြပါတယ်။ ဒါပေမဲ့ အချို့ ပိုက်ဆံနည်းနည်းနဲ့ သင့်တင့်တဲ့ ဖုန်းတွေကိုင်ဆောင်တဲ့ သူတွေအတွက်ကတော့ ဒီလို Wide Angle Lens ဟာ လိုအပ်တာကို တွေ့ရပါတယ်။ ဒါကလည်း ဓာတ်ပုံဝါသနာအိုး တစ်ယောက်ဖြစ်မှ ဒီလို Wide Angle Lens လးတွေတပ်ပြီး ရိုက်ကူးကြမှာ ဖြစ်ပါတယ်။ ရိုးရိုးမိုဘိုင်းဖုန်း အသုံးပြုသူ တစ်ယောက်အနေနဲ့ကတော့ တော်ရုံ Lens တွေ ဝယ်တတ်လေ့ မရှိပါဘူ။ ဘယ်လိုပဲဖြစ်ဖြစ် Wide Angle Lens အကြောင်းကို ဆက်ပြောရရင် Selfie ရိုက်တဲ့အခါ လူများများပါဖို့အတွက် အရှေ့ဘက် ကင်မရာမှာ တပ်ဆင်ရိုက်ကြတယ်။ နောက်ပြီး ရှုခင်းလှလှတွေကို မြင်ကွင်းကျယ်ကျယ် ရယူဖို့ အနောက်ဘက် ကင်မရာမှာ Lens ကိုတပ်ဆင်ပြီး ရိုက်ကူးကြပါတယ်။

မိုဘိုင်းဖုန်းနဲ့ ကင်မရာရိုက်ကူးရတာ ရူးသွပ်သူတွေအတွက် Lens တပ်ပြီးရိုက်ကူးလိုက ရိုက်ကူးလို့ရအောင် လေ့လာနိုင်ဖို့ပဲဖြစ်ဖြစ်၊ ရှာဖွေဝယ်ယူဖို့ပဲဖြစ်ဖြစ် ၂၀၁၇ အတွက် နာမည်ကြီးတဲ့ Lens kit (၄) မျိုးကိုဖော်ပြ ပေးလိုက်ပါတယ်။

(4) Pictek Phone Camera Lens Kit

ဖုန်းရဲ့ ရှေ့ကင်မရာမှာရော နောက်ကင်မရာမှာပါ တပ်ဆင်သုံးနိုင်မယ့် clip ၂ခုနဲ့ Pictek ရဲ့ အရည်အသွေး ကောင်း Camera Lens Kit ဟာ မိုဘိုင်းဖုန်းကင်မရာ ရိုက်ကူးသူတွေ အတွက်တော့ သုံးစွဲရလွယ်ကူတဲ့ Lens Kit အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Lens Kit ထဲမှာ ၁၂ ဆ ဆွဲနိုင်တဲ့ Micro Lens တစ်ခုနဲ့ ၂၄ ဆ အထိဆွဲယူ ရိုက်ကူးနိုင်တဲ့ Micro lens နှစ်ခုပါဝင်ပြီးတော့ ဒီ Lens တွေဟာ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံရုပ်ထွက်တွေ ကိုရရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ကို တိကျပြတ်သားတဲ့ ဓာတ်ပုံကိုရရှိချင်တယ်ဆိုရင်တော့ ရှာဖွေဝယ်ထားသင့်တဲ့ Lens Kit တစ်ခုဖြစ်ပြီး ဈေးနှုန်းကလည်း သက်သာပါတယ်။

(၃) Amir ရဲ့ အရည်အသွေးမြင့်မားတဲ့ 3in1 Camera Lens Kit

ဒီ Lens Kit ဟာလည်း အရည်အသွေးမြင့်မားတဲ့ Optical Lens ပဲဖြစ်ပါတယ်။ lens သုံးခု ပါဝင်တဲ့ထဲမှာ တစ်ခုကတော့ 140 Degree အထိ ပုံရိပ်ကျယ်ပြန့်တဲ့ Fish eye အမျိုးအစား Lens တစ်ခုပါဝင်ပါတယ်။ ဒါ့အပြင် ဆွဲယူရိုက်ကူးနိုင်မယ့် Micro Lens နဲ့ 0.4x အဆင့်ရှိတဲ့ Super Wide Angle Lens တွေကတော့ ကျန်တဲ့ Lens အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒီ Lens Kit ရဲ့ အားသာချက် တစ်ခုကတော့ ရုပ်ထွက်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်တာပဲ ဖြစ်ပါတယ်။ Lens တွေတပ်ဆင် အသုံးပြုရမယ့် Holder ကလည်း သပ်ရပ်တာကိုတွေ့ရပြီး ဝယ်ယူမယ်ဆိုရင် သင့်တော်တဲ့ ဈေးနှုန်းလည်း ရှိတာကို တွေ့ရပါတယ်။

(၂) Esrover Camera Lens Kit

Esrover Camera Lens Kit မှာပါတဲ့ 180 Degree Fish eye ဟာ ထူးခြားတဲ့ Lens အမျိုးအစားပဲ ဖြစ်ပါတယ်။ Kit ထဲမှာ Lens လေးမျိုး ပါဝင်ပြီး နောက်ထပ် Lens သုံးခုကတော့ ၁၅ ဆ ဆွဲယူရိုက်ကူးနိုင်တဲ့ Micro Lens, 0.65x အရည်အသွေးရှိတဲ့ wide angle lens နဲ့ ၃ ဆအထိ ဆွဲယူနိုင်တဲ့ Tele lens တွေပါဝင်မှာ ဖြစ်ပါတယ်။ Lens ကိုအသုံးပြုထားတဲ့ မှန်သားတွေဟာ ဂျာမဏီက ပြုလုပ်ထားတာဖြစ်ပြီး Lens ရဲ့ Case ကလည်း ခိုင်ခံ့တဲ့ Aluminium နဲ့ဖန်တီး ထုတ်လုပ်ထားပါတယ်။ ဖုန်းအများစုနဲ့ တွဲဆက်သုံးနိုင်အောင် ဒီဇိုင်းထွင်ထားတဲ့ Camera Lens Kit တစ်ခုပဲ ဖြစ်ပါတယ်။

(၁) Camkix 3in1 camera lens kit

အခုရေးသားနေတဲ့အထဲမှာ နံပါတ် ၁ နေရာမှာ ရှိနေတဲ့ Lens Kit ပဲဖြစ်ပါတယ်။ သူ့မှာ Micro, fish eye နဲ့ Wide Angle Lens တွေ ပါဝင်ပါတယ်။ ဒါ့အပြင်ခိုင်ခံ့တဲ့ Case တစ်ခုလည်း ပါဝင်ပြီး ဖုန်းတော်တော်များများနဲ့ ချိတ်ဆက် သုံးစွဲနိုင်အောင် ဒီဇိုင်း ထွင်ထားတာကြောင့် လူကြိုက်များရခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံရုပ်ထွက် တွေကလည်း ကောင်းမွန်ပြီး။ ကြံ့ခိုင်တဲ့ ဖွဲစည်းပုံတွေကြောင့် နာမည်ကြီးပါတယ်။ ဒီဇိုင်းကလည်း စတိုင်ကျလှပတာကို တွေ့ရပါတယ်။

အခုပြောပြခဲ့သမျှ Camera Lens Kit တွေဟာ မိုဘိုင်းဖုန်းနဲ့ တွဲဆက်အသုံးပြုရတဲ့ Lens Kit တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာ တော်သင့်ရုံငွေကြေးနဲ့ ဝယ်ယူနိုင်တဲ့ Lens kit တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အချို့ Lens တွေဟာ ကင်မရာနဲ့ တပ်ဆင်လိုက်ရင် အံကိုက်မဖြစ်ဘဲ ဘေးသားတွေနဲ့ ဘောင်တွေပေါ်နေတာကို တွေ့ကြရပါတယ်။ ဒါကြောင့် Camera Kit Lens တွေဝယ်တော့မယ် ဆိုရင် အွန်လိုင်းကနေ မှာပြီးဝယ်ယူတာထက် မျက်မြင် ကိုယ့်ဖုန်းနဲ့ ကိုက်မကိုက် သေချာတပ်ဆင်ပြီး အိုကေမှ ဝယ်သင့်ပါတယ်။ သို့မဟုတ်ပါက ကိုယ့်ရဲ့ ငွေကြေးသား ကုန်ကျသွားပြီး အသုံးမဝင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်လိုက်ရသလို ဖြစ်နေပါလိမ့်မယ်။