November 18, 2017

မိုဘိုင်းဖုန်းနဲ့ Composition ကောင်းကောင်းနဲ့ ဓာတ်ပုံတွေ ဘယ်လိုရိုက်မလဲ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတာပဲဖြစ်ဖြစ် DSLR တွေနဲ့ ဓာတ်ပုံရိုက်ကူးတာပဲဖြစ်ဖြစ် ဓာတ်ပုံပညာတွေထဲမှာ အဓိကကျတဲ့ Composition ကောင်းကောင်းဖြစ်ဖို့အတွက် ဘယ်လိုအရာကို အခြေခံပြီး ရိုက်ကူးခြင်းက တကယ့်အဆင့်မီတဲ့ ပုံကောင်းတွေကို ရရှိစေနိုင်သလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဓာတ်ပုံမှာ Composition ဟာ အရေးကြီးသလဲဆိုရင် ရိုးရှင်းလှတဲ့ ဓာတ်ပုံတွေထက် Composition ကောင်းတဲ့ ဓာတ်ပုံတွေက လူတွေရဲ့စိတ်ကို ပိုပြီးစိတ်ဝင်စားမှု မြန်ဆန်စေလို့ပဲ ဖြစ်ပါတယ်။ နေရာတူ အကြောင်းအရာတူတဲ့ အချိန်မှာ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာနှစ်ယောက်မှာ တစ်ယောက်ရဲ့ ဓာတ်ပုံဟာ အလျင်အမြန် စိတ်ဝင်စားစရာ ကောင်းနေခြင်းဟာ ဓာတ်ပုံဆရာပြောပြချင်တဲ့ အကြောင်းအရာကို Composition ကောင်းကောင်းနဲ့ ရိုက်ကူးထားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုပြောပြလိုတဲ့ အကြောင်းအရာကတော့ ဓာတ်ပုံရိုက်ရင် ဘယ်လို Compositon ကောင်းကောင်း ထားရမလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတာပဲဖြစ်ဖြစ် Composition ကောင်းတဲ့ ဓာတ်ပုံတွေ ဖြစ်ဖို့အတွက်ဆိုရင် အဓိကကျတဲ့ အချက်က Rule Of Thirds ကို အခြေခံပြီး ရိုက်ကူးခြင်းက တကယ့်အဆင့်မီတဲ့ ပုံကောင်းတွေကို ရရှိစေနိုင်ပါတယ်။ ဘာကြောင့် Rule Of Thirds ကိုသုံးပြီး ရိုက်ကူးသင့်သလဲဆိုရင် လူတွေရဲ့ မျက်လုံးဟာ ဓာတ်ပုံကိုကြည့်ရှုတဲ့အခါမှာ ဓာတ်ပုံတွေကို မျဉ်းကြောင်းလေးကြောင်းနဲ့ အကွက်ချလိုက်ရင် မျဉ်းကြောင်းတွေ ဆုံမှတ်ကျတဲ့ နေရာလေးခုဟာ မျက်လုံးရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိတယ်လို့ သိပံ္ပပညာရှင်တွေရဲ့ စမ်းသပ်မှုအရ သိရပါတယ်။

ဒါကြောင့် ဓာတ်ပုံမှာ မိမိဖော်ပြလိုတဲ့ Subject ကို အဲဒီဆုံမှတ်တွေမှာ နေရာချထားမယ်ဆိုရင် လူတွေစိတ်မှာ အဲဒီ Subject ကို ပိုပြီးသတိထားမိ တတ်ပါတယ်။ ဒါကြောင့် Professional ဓာတ်ပုံတွေမှာ Rule of Thirds ကို လိုက်နာပြီး ရိုက်ကူးထားကြတာ များပါတယ်။

အဓိက Subject ကို Rule Of Thirds ရဲ့ ဘယ်နားထားမလဲ

ဓာတ်ပုံတစ်ပုံကို ရိုက်ကူးတော့မယ်ဆိုရင် Landscape ဓာတ်ပုံတွေမှာ လှပတဲ့ Main Subject နှစ်ခု တစ်ပြိုင်တည်း ရှိနေတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Rule of Thirds ကို ဘယ်နေရာမှာထားပြီး ရိုက်ကူးရ မှန်းမသိတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အချို့က ပုံ (၂) ပုံရိုက်လိုက် ကြပါတယ်။ အချို့သော ဓာတ်ပုံဆရာတွေက အဓိက Suject နှစ်ခုကို တစ်ပြိုင်တည်း တစ်ပုံတည်းမှာ ထည့်ရိုက်ကြပါတယ်။ အဲဒီလို ရိုက်ကြတဲ့အခါ Main Subject တွေကို Rule Of Thirds ထဲဝင်အောင်လို့ ဓာတ်ပုံရဲ့ Center ထဲမှာ မထည့်မရိုက်တော့ဘဲ Main Subject တွေကို Rule Of thirds ရဲ့ ဆုံမှတ်နေရာတွေ အားလုံးမှာထားပြီး ရိုက်ကူးလိုက်ကြတာကို တွေ့ရပါတယ်။ အဲလို ရိုက်ကူးလိုက်တဲ့ အချိန်မှာ ဓာတ်ပုံတစ်ပုံရဲ့ သဘာဝကျမှု Subject တွေရဲ့ ညီညွှတ်မျှတမှုတွေဟာ ပိုမိုပေါ်လွင်သွားပြီး Subject ရဲ့ တင်ပြမှုစွမ်းအားဟာလည်း ကြွတက်လာစေမှာ ဖြစ်ပါတယ်။

အခုပြသထားတဲ့ ဓာတ်ပုံဟာဆိုရင် လှပတဲ့နေဝင်ဆည်းဆာအလှကို ဖော်ကျူး ရိုက်ကူးထားတာပါ။ ဓာတ်ပုံဆရာက Main Subject ကို Horizon ဖြစ်နေတဲ့ Rule of Thirds နေရာနှစ်နေရာမှာ ထည့်သွင်းပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ မိုးကုပ်စက်ဝိုင်းကို ဝင်ရောက်တော့မယ့် နေရောင်ကို ဓာတ်ပုံရဲ့ အပေါ်ဘက်က top gridline နဲ့ ဘယ်ဘက် Gridline ဆုံမှတ်နေရာမှာ ထားရှိပြီး Subject ကို Center ရဲ့ အပြင်ဘက်ကိုထုတ်ပြီး ရိုက်ကူးခဲ့ပါတယ်။

ဒုတိယ ဓာတ်ပုံဟာဆိုရင်လည်း ကောင်းမွန်တဲ့ ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ rule of Thirds position နှစ်ခုစလုံးကို ဦးစားပေးပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အဓိက Subject ကို အောက်ဘက် Gridline နဲ့ ညဘက် Gridline စုံတဲ့နေရာမှာထားပြီး ရိုက်ကူးခဲ့သလို Horizontal ဖြစ်နေတဲ့နေရာကို အောက်ဘက်မှာထားပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။

Landscapes ရိုက်ကူးရာမှာ Rule OF Thirds ကို ဘယ်လိုနေရာချမလဲ

ဖုန်းနဲ့ landscapes ရိုက်ကူးတဲ့အခါ Rule Of Thirds ကို ဘယ်နေရာတွေမှာ ဘယ်လိုနေရာချမလဲဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Rule Of Thirds ကို Landscapes ဓာတ်ပုံတွေမှာ နေရာချဖို့ တော်တော်လေး စိတ်ရှုပ်ထွေးစေပါတယ်။ Landscapes ဓာတ်ပုံတစ်ပုံဟာ လူရဲ့ မျက်စိအတွက် အာရုံစိုက်ဖို့ နေရာတွေက များပြားနေတဲ့ အတွက်ကြောင့် Rule Of Thirds အတွက် မျက်စိစုံမှတ်က ဝေဝါးစေပါတယ်။ ဒါကြောင့် Landscapes ဓာတ်ပုံတွေအတွက် Rule of Thirds ကို နေရာချမယ်ဆိုရင် Horizontal လိုင်းဖြစ်နေတဲ့ နေရာတွေကို ရွေးချယ်ပြီး နေရာချပေးရမှာ ဖြစ်ပါတယ်။

အပေါ်ဘက်မှာ ပြထားတဲ့ ဓာတ်ပုံမှာ Foreground မှာရှိတဲ့အရာတွေထက် ကောင်းကင်ကြီးက ပိုပြီးလှပနေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် လှပတဲ့ နေဝင်ဆည်းဆာ အလှကို အမိအရကိုပဲ ဓာတ်ပုံစရာက ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကို လေ့လာကြည့်မယ်ဆိုရင် ဓာတ်ပုံမှာပါဝင်တဲ့ Horizontal Line ကို ပုံရဲ့အောက်ဘက်မှာရှိတဲ့ Rule of Thirds ဆုံမှတ်နေရာတွေမှာထားပြီး ရိုက်ကူးခဲ့တာ တွေ့ရပါလိမ့်မယ်။

အခုဓာတ်ပုံမှာတော့ Foreground မှာရှိနေတဲ့ သဲသောင်ပြင်က ရေစီးကြောင်းတွေဟာ ပိုမိုလှပနေတာကြောင့် Background ထက် ဦးစားပေးပြီး ဓာတ်ပုံဆရာက ရိုက်ကူးခဲ့ပါတယ်။ ဒီဓာတ်ပုံမှာ လေ့လာကြည့်မယ်ဆိုရင် Horizonal Line ကို အပေါ်ဘက်မှာရှိတဲ့ Rule of Thirds နေရာမှာထားပြီး ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် Landscapes Photo တွေမှာ အဲ့လိုမျိုး Horizontal Line ဖြစ်နေတဲ့ Rule of Thirds ဓာတ်ပုံတွေကို ရိုက်ကူးဖို့ဆိုရင် ပင်လယ်ကမ်းခြေအလှကို ရိုက်ကူးတဲ့ နေရာမှာပိုမို အသုံးပြုသင့်ပါတယ်။

အခုဖော်ပြခဲ့တဲ့ Rule of Third ဟာ မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူး တဲ့အခါမှာ Composition ကောင်းကောင်း ထည့်ရိုက်မလဲဆိုတဲ့ အကြောင်းအရာထဲမှာ အချက်တစ်ချက်အနေနဲ့ ဖော်ပြပေးခဲ့ခြင်း ဖြစ်ပါ တယ်။ Compositon ရဲ့ ခေါင်းစဉ်အောက်မှာ နောက်ထပ် သိထားသင့်တဲ့ အချက်အချို့လေးတွေလည်း ထပ်ရှိသေးပါတယ်။ အခုဖော်ပြပေးတဲ့ Rule Of Third ဟာဆိုရင် အရေးကြီးဆုံးသော အချက်တစ်ခုဖြစ်ပြီး နောက်ထပ်အနေနဲ့လည်း Compositon ကောင်းကောင်း ထည့်ရိုက်ဖို့ ဘယ်လိုတွေ လိုအပ်သေးလည်းဆိုတာကို ရေးသားပေးသွားပါဦးမယ်။

-စည်သူ­