မိနစ် ၂၀ အတွင်း ဖုန်းအားအပြည့်သွင်းနိုင်မယ့် နည်းပညာကို Meizu မိတ်ဆက်

မိနစ် ၂၀ အတွင်း ဖုန်းအား အပြည့်သွင်းနိုင်မယ့် Super mCharge လို့ခေါ်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီ Meizu က Mobile World Congress မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

Meizu ရဲ့ Super mCharge ဟာ Qualcomm ရဲ့ Quick Charge 3.0 နည်းပညာထက် အလွန်မြန်ဆန်ပါတယ်။ Quick Charge 3.0 နည်းပညာက ၃၅ မိနစ်အတွင်း ၀ ကနေ ၈၀ ရာခိုင်နှုန်းအထိသာ အားသွင်းပေးနိုင်ပါတယ်။

Meizu ရဲ့အဆိုအရ Super mCharge ဟာ charge pump အခြေခံသဘောတရားကိုအသုံးပြုထားပြီး အဲ့ဒီလုပ်ငန်းစဉ်က charging efficiency ကို ၉ ကနေ ၉၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်တယ်လို့ သိရပါတယ်။ ဘက်ထရီရဲ့အပူချိန်ကလည်း အမြင့်ဆုံး ၁၀၂ ဒီဂရီဖာရင်ဟိုက်သာရှိတာကြောင့် ဖုန်းပေါက်ကွဲတာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အထူးအဆင့်မြှင့်ထားတဲ့ data cable တစ်ခုလိုအပ်ပြီး သာမန် cable နဲ့ အားသွင်းတဲ့အခါ အလွန်လျင်မြန်တဲ့ အားသွင်းနှုန်းကို ရရှိမှာမဟုတ်ဘူးလို့ Meizu က ပြောကြားခဲ့ပါတယ်။

အဲ့ဒီနည်းပညာကို ဖုန်းတွေမှာ မြင်တွေ့ရမယ့်အချိန်ကိုတော့ Meizu က ပြောကြားခဲ့ခြင်း မရှိပါဘူး။

ကိုယ်ပိုင်အားသွင်းနည်းပညာကို မိတ်ဆက်ကြေညာတဲ့အထဲမှာ Meizu က ပထမဆုံး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် MWC မှာ ပြိုင်ဘက်ကုမ္ပဏီ OPPO က ၁၅ မိနစ်အတွင်း သုညကနေ ဖုန်းအားအပြည့် သွင်းပေးနိုင်တဲ့ Super VOOC နည်းပညာကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒီနည်းပညာကို စီးပွားဖြစ်ထုတ်ကုန်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းထားတာမျိုး မရှိသေးပါဘူး။

Ref: CNET