ဘဝ သင်ခန်းစာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ လေ့လာနိုင်သလဲ

ဘဝရဲ့ သင်ခန်းစာတွေဆိုတာ အတွေ့အကြုံတွေလို့ ဆိုရင်လည်း ရနိုင်မယ့်  အကြောင်းအရာတွေပါ။ တစ်ပါးသူရဲ့ အတွေ့အကြုံတွေကို မေးမြန်း၊ လေ့လာ၊ သင်ယူ၊ မှတ်သားမယ်ဆိုရင် အခမဲ့ ရရှိမယ့် ပညာရပ်တွေ ဖြစ်ပေမယ့် လူအများစုကတော့ အခမဲ့ရရှိတဲ့ အတွေ့အကြုံနဲ့ ပညာတွေကို တန်ဖိုး မထားတတ်ဘဲ ဘဝနဲ့ ရင်းပြီးမှ နောင်တတွေ၊ သင်ခန်းစာတွေ ရရှိတတ်ပါတယ်။ ဒါပေမဲ့ အသိဉာဏ်ပညာ တိုးတက်လာမှုနဲ့ အတူ ကိုယ်လိုတဲ့ အပိုင်းကိုပဲ သင်ခန်းစာ ယူချင်သူတွေ၊ မှတ်သားထားချင်သူတွေ အတွက်အဆင်ပြေမယ့် နည်းလမ်းကောင်း တွေကို ပြောပြချင်ပါ တယ်။

အားကစားလုပ်ပါ

– စုပေါင်း အားကစားနည်း တစ်ခုခုကို လုပ်ဆောင်ခြင်းကတော့ အကောင်း ဆုံး ဖြစ်ပေမယ့် စစ်တုရင် ကစားနည်းလို ၂ ဦးလောက်ပဲ ကစားတဲ့ နည်းကလည်း ဉာဏ်ရည်အတွက် အားကစားတစ်မျိုးဖြစ်စေမှာပါ။ အားကစား လုပ်ခြင်းက စိတ်ကိုလည်း ရွှင်လန်း စေသလို ကိုယ်ခန္ဓာကိုလည်း ကျန်းမာစေပါတယ်။ လူမှုပတ်ဝန်းကျင် ပေါင်းသင်းမှု အားကောင်းလာပြီး လူတစ်ဖက်သားရဲ့ အတွေ့အကြုံ၊အကြောင်းအရာတွေကို သင်ကြား ခွင့် ရနိုင်လာပါလိမ့်မယ်။ ကိုယ့် အနေနဲ့လည်း အတွေ့အကြုံနဲ့ ပညာတွေကို တိုင်ပင်နိုင်၊ ဆွေး နွေးနိုင်တဲ့ အားသာချက်တွေ ရရှိလာပါလိမ့်မယ်။ လူမှုပေါင်း သင်းဆက်ဆံရေး နည်းတစ်နည်း ဖြစ်လာစေပြီး လက်ဖက်ရည်ဆိုင် ထိုင်နေတာထက် ပိုပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိစေမှာပါ။

စာဖတ်ခြင်း

– စာဖတ်ခြင်းဟာ အကောင်းဆုံး အချိန်ကို ကုန်ဆုံးစေတဲ့ နည်းလမ်းပါ။ ဒီနေ့ခေတ် လူမှု ကွန်ရက်တွေလို နေရာကနေ စာဖတ်ခြင်းကအစ စာအုပ်စာပေ၊ နေ့စဉ် သတင်းစာတွေကို ဖတ်ရှုပါ။ ဘယ်လို စာအုပ်စာပေပဲဖြစ်စေ မိမိမသိရှိသေးတဲ့ အကြောင်းအရာ၊ ပညာတစ်ခုခု ကိုတော့ ရေးသားဖော်ပြထားမှာ ဖြစ်ပြီး မိမိရဲ့ စာဖတ်ရည်ပြည့်ဝမှုဟာ အတွေ့အကြုံနဲ့ အကြောင်းအရာ သိရှိမှု အားကောင်းလာပြီး တစ်ဖက်သားကိုပါ ပြန်လည် ဝေမျှနိုင်သည်ထိအောင် ဗဟုသုတတွေ ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ ရေးသားဖော်ပြထားတဲ့ စာအုပ်တွေ ရဲ့ အကြောင်းအရာ ရာခိုင်နှုန်း ၈၀ ကျော်ဟာလည်း အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး ရေးသား ဖော်ပြထားတာဖြစ်လို့ စာဖတ်ခြင်းဟာလည်း အကောင်းဆုံးသော ဘဝသင်ခန်းစာ လေ့လာမှု နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

သင်တန်း တက်ရောက်လေ့ လာပါ

– အားလပ်ရက်မှာ ဖြစ်စေ၊ အချိန်ပိုင်းပဲ ဖြစ်စေ၊ သင်တန်း တစ်ခုခု တက်ရောက်လေ့လာခြင်း အပိုင်းမှာ မိမိနဲ့ အဆင့်တန်းတူ၊ မိမိထက် အဆင့်မြင့်မားတဲ့ အပေါင်းအသင်းတွေ ရရှိစေနိုင်သလို အဆိုပါ အပေါင်းအသင်း တွေဆီကနေပဲ ဘ၀သင်ခန်းစာ တွေကို လေ့လာကြားသိနိုင်မှာ ဖြစ်ပါတယ်။ သင်တန်း တက်ရောက်ခြင်းကြောင့်လည်း အသိပညာတစ်ခု ရရှိစေဦးမှာ ဖြစ်လို့သင်တန်း တစ်ခုခု တက်ရောက်ခြင်းကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ လေ့လာ နိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။

ခရီးထွက်ပါ

– မိတ်ဆွေ ခင်ပွန်းကောင်း စစ်၊ မစစ် သိချင်ရင် ခရီးအတူ ထွက်ကြည့်ပါ ဆိုတဲ့ စကားနဲ့အညီ ခရီးထွက် ခြင်းကလည်း မိတ်ကောင်း ဆွေကောင်းတွေ ရစေနိုင်သလို တစ်ဖက်ကလည်း မိတ်ကောင်း ဆွေကောင်း ဟုတ်၊ မဟုတ်ဆိုတာ သိရှိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် စုပေါင်း ခရီးထွက်ခြင်းကြောင့် ဖြစ်စေ၊ အတူခရီးသွား မိတ်ဆွေထံကနေ ဖြစ်စေ တစ်ဖက်သားရဲ့ အတွေ့အကြုံတွေကို လေ့လာ မှတ်သားနိုင်မှာလည်း ဖြစ်သလို မိမိရဲ့ အတွေ့အကြုံတွေကိုလည်း ပြန်လည် မျှဝနိုင်မှာပါ။ ပတ်ဝန်းကျင် အသစ်မှာ နေထိုင်ရမှုဟာ စိတ်ရွှင်လန်းမှုကိုလည်း ပေးသလို ပတ်ဝန်းကျင် အသစ်ရဲ့ ဗဟုသုတ၊ ဓလေ့တွေကိုလည်း မှတ်သား သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ခရီးထွက်မှုဆိုတဲ့ အပိုင်းမှာ အပျော်ခရီးသက်သက် ခရီးထွက် မှုဆိုတာထက် လေ့လာရေး ပုံစံ ခရီးထွက်ရှိတာ အကောင်းဆုံး ဖြစ်မှာပါ။ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေတွေဆီကနေ ဘဝသင်ခန်းစာတွေကို လေ့လာမှုမရှိဘဲ ပျော်ရွှင်မှုတွေနဲ့ပဲ အချိန်ကုန်စေမယ် ဆိုရင်တော့ သင့်ရဲ့ ခရီးဟာ တန်ဖိုး ရှိလာမှာ မဟုတ်ပါဘူး။

အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ပါ

– ပရဟိတ အလုပ်ပဲ ဖြစ်စေ၊ ပရဟိတပုံစံ စုပေါင်း အကျိုးပြု လုပ်ငန်းတစ်ခုခုဖြစ်စေ စုပေါင်း အနေအထားနဲ့ရော တစ်ဦးချင်းပုံစံပါ ကိုယ်နိုင်ရာ တာဝန် လုပ်ဆောင်ခြင်းဟာ မိမိ ဘ၀ အတွက် မှတ်တမ်းကောင်း ရေး ထိုးနိုင်မှာ ဖြစ်သလို အဆိုပါ အကျိုးပြု အလုပ်ဟာ တစ်ဦးကနေ အများစုပေါင်းပုံစံ ဖြစ်လာပြီး လူမှု ပေါင်းသင်းဆက်ဆံရေး အားကောင်းလာစေသလို လူအများနဲ့ ပေါင်းသင်းတတ်လာလေလေ အတွေ့အကြုံတွေ အများအပြား ကြားရမှတ်သားနိုင်လာ စေတော့မှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုလည်း ရစေပြီး အချိန်တွေကို အလဟဿ ဖြုန်းတီး မှုလည်း မဖြစ်စေတော့ဘဲ အကျိုး ရှိရှိ အချိန်ကုန်စေနိုင်မှာလည်း ဖြစ်ပါတယ်။

သက်ကြီးဝါကြီးများနဲ့ ပေါင်းသင်းဆက်ဆံပါ

– သက်ကြီးဝါကြီး လူကြီးမိဘများဟာ ဘဝသင်ခန်းစာ အကောင်းဆုံး ကြွယ်ဝနတဲ့ လူများ ဖြစ်သလို သူတို့ဆီကနေ ဘဝသင်ခန်းစာတွေ အများအပြား သင်ကြား သိရှိနိုင်ပါတယ်။ ဒီနေ့ခေတ် လူငယ်အများစုကတော့ လူကြီးများအနေနဲ့ ခေတ်နောက်ကျန်နေ တယ်လို့ ထင်မှတ်သူများသလို သူတို့ရဲ့ ဆိုဆုံးမ စကားတွေကို လည်း နားထောင် လိုက်နာသူ နည်းပါးကြပါတယ်။ အမှန်တကယ်မှာတော့ အဆိုပါ သက်ကြီးဝါကြီးတွေ အနေနဲ့ နည်းပညာ ပိုင်းမှာ ခေတ်နောက်ကျကောင်း နောက်ကျနိုင်နေပေမယ့် အခြေခံ လူနေမှု ဘဝနဲ့ လိမ္မာရေးခြား အသိပညာတွေ၊ လူမှု ဘဝ အကြောင်းအရာတွေမှာတော့ အတွေ့အကြုံ အများဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဒီ့အတွက် သက်ကြီးဝါကြီးများရဲ့ ဆုံးမမှုများကို နာယူပါ။ မိမိလိုရာ သင်ခန်းစာကို ရယူ မှတ်သားမယ်ဆိုရင် အခမဲ့ ရရှိမယ့် အကောင်းဆုံး လက်တွေ့ ဘဝသင်ခန်းစာ အသိတွေပဲ ဖြစ်မှာပါ။

အချိန်ဖြုန်းခြင်းကို ရှောင်ကြဉ်ပါ

– ဒီနေ့ခေတ် လူငယ် အများစုရဲ့ အမှားကတော့ အချိန်ဖြုန်းနေကြခြင်းပဲ ဖြစ်ပါတယ်။ တီဗွီကြည့်ခြင်း ပုံစံ တူသည့်တိုင်အောင် ပညာပေးနိုင်မယ့် ရုပ်သံ ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းက အသိပညာ တိုးစေနိုင်မှာပါ။ အချစ်၊ စိတ်ကူးယဉ်စတဲ့ ရုပ်သံ များ ကြည့်သည့်တိုင်အောင် သင် ခန်းစာ ရယူမှတ်သားနိုင်သူက ပိုပြီး အသိပညာရရှိမှာပါ။ ဒီလိုပဲ အချိန်ဖြုန်းခြင်း မဟုတ်တဲ့ လေ့လာမှု ပုံစံတွေနဲ့ အချိန်ကို ကုန်ဆုံး စေတာ အကောင်းဆုံးပါ။ အထက်မှာတော့ အချိန်ဖြုန်းခြင်း မဟုတ်တဲ့ အချိန်ကုန်နည်းတွေကို ပြောထားပေမယ့် တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်းကအစ နေ့စဉ် လှုပ်ရှားမှုတွေအတွင်း အချိန် ဖြုန်းစေမယ့် အကြောင်းအရာတွေ မဟုတ်တဲ့ ကောင်းမွန်တဲ့ အချိန် ကုန်စေနည်းတွေနဲ့ပဲ ဘဝကို ဖြတ်သန်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

လင်းထက် (IA)