January 19, 2018

ဘက်ထရီနဲ့ တစ်နေကုန်သုံးနိုင်မယ့် Windows 10 ကွန်ပျူတာများကို Microsoft မိတ်ဆက်

Microsoft နဲ့ Qualcomm တို့ဟာ ARM ချစ်ပ်အသုံးပြုထားတဲ့ ပထမဆုံး Windows 10 laptop တွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

Qualcomm Snapdragon 835 ပရိုဆက်ဆာပါဝင်တဲ့ laptop သစ်တွေကို မျှော်မှန်းထားတဲ့အတိုင်း HP, Lenovo နဲ့ Asus တို့က ထုတ်လုပ်ခဲ့ပါတယ်။ ARM အသုံးပြုထားတဲ့ ထုတ်ကုန်တွေက Intel အခြေခံ ပရိုဆက်ဆာတွေ ပါဝင်တဲ့ laptop တွေ ဒါမှမဟုတ် 2-in-1 tablet တွေနဲ့ ဆင်ပါတယ်။ Windows 10 နဲ့ Qualcomm ပရိုဆက်ဆာတွေကို အသုံးပြုထားတာပဲ ကွာပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ ထုတ်ကုန်သစ်တွေမှာ x86 app တွေအသုံးပြုနိုင်ဖို့အတွက် အထူး emulator တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ ထုတ်ကုန်သစ်တွေကို သမားရိုးကျ laptop တွေအတိုင်း ခံစားအသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် သမားရိုးကျ laptop တွေမှာ မြင်တွေ့ရတဲ့ software အများစုကိုလည်း သုံးစွဲနိုင်ပါတယ်။ ARM အသုံးပြုထားတဲ့ ထုတ်ကုန်တွေကို HP နဲ့ Asus ကမိတ်ဆက်ခဲ့ပေမယ့် Lenovo ကတော့ လာမယ့်ရက်သတ္တပတ်အနည်းငယ်မှပဲ ပွဲထုတ်မိတ်ဆက်ဖွယ်ရှိပါတယ်။

Microsoft အနေနဲ့ “always-on” ကွန်ပျူတာကိုဖန်တီးဖို့ Qualcomm နဲ့လက်တွဲ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီထုတ်ကုန်ဟာ LTE ချိတ်ဆက်မှုကို အမြဲတစေ ပြုလုပ်နိုင်ပြီး သမားရိုးကျ Windows laptop နဲ့စာရင် iPad နဲ့ ပိုဆင်လာပါတယ်။ ဒါကြောင့် သုံးစွဲသူက ဘက်ထရီအားကုန်မှာ မစိုးရိမ်ရဘဲ laptop အဖုံးကို ပိတ်ထားနိုင်သလို laptop ကိုဖွင့်လိုက်ရင်လည်း နောက်ဆုံးဖွင့်ခဲ့တဲ့နေရာကစပြီး သုံးစွဲနိုင်ပါတယ်။ ထုတ်ကုန်သစ်တွေမှာ ဘက်ထရီပိုင်း အားသာချက်တွေရှိသလို သမားရိုးကျ Windows laptop တွေမှာ မတွေ့ရတဲ့ LTE ချိတ်ဆက်မှုလည်း ပါဝင်လာပါတယ်။

HP နဲ့ Asus ထုတ်ကုန်တွေမှာ Windows Store က app တွေအသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတဲ့ Windows 10 S ပါဝင်လာပါတယ်။ ဒါပေမဲ့ full desktop app တွေအသုံးပြုချင်တယ်ဆိုရင်တော့ Windows 10 Pro ကို လတ်တလောမှာ အခမဲ့ upgrade ပြုလုပ်နိုင်ပါတယ်။ Microsoft အနေနဲ့ ARM chipset တွေနဲ့ Windows 10 ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားတာကြောင့် emulator မလိုဘဲ Windows လုပ်ဆောင်ချက်အားလုံး၊ Edge နဲ့ shell တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Microsoft အနေနဲ့ စွမ်းဆောင်ရည်ကျစ်လျစ်အောင် ပြုလုပ်ပေးတဲ့ DLLs စနစ်တွေကို ပြန်ပေါင်းစည်းပေးမယ့် ထိပ်တန်း third-party desktop application တွေကို ရှာဖွေနေပါတယ်။

Microsoft ရဲ့ emulator နည်းပညာကြောင့် ဝက်ဘ်ဆိုက်က 32-bit exe ဖိုင်အများစုကို download လုပ်ပြီး ARM သုံးထားတဲ့ laptop တွေမှာ install လုပ်နိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ 64-bit Windows app တွေကို ထောက်ပံ့မပေးထားပါဘူး။ ဒါ့အပြင် third-party antivirus တွေကို ARM အထောက်အပံ့ပါဝင်တဲ့ ထုတ်ကုန်မှာ အသုံးမပြုနိုင်ပါဘူး။

ARM အထောက်အပံ့ပါဝင်တဲ့ ထုတ်ကုန်တွေဟာ တောက်လျှောက်အသုံးပြုမယ်ဆိုရင် နာရီ ၂၀ ကနေ ၂၂ နာရီအထိ အသုံးပြုနိုင်ပါတယ်။

Asus ရဲ့ NovaGo 2-in-1 ထုတ်ကုန်မှာ ၁၃.၃ လက်မ HD display အပြင် RAM 8GB နဲ့ storage 256GB တို့ ပါဝင်လာပါတယ်။ ဒါ့အပြင် stylus ထောက်ပံ့မှုပါဝင်လာသလို USB 3.1 port နှစ်ခု၊ HDMI port တစ်ခုနဲ့ microSD reader တို့ပါဝင်တယ်။ Asus Nova ရဲ့ RAM 4GB နဲ့ storage 64GB ဗားရှင်းကို ၅၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ RAM 8GB နဲ့ storage 256GB ဗားရှင်းကတော့ ၇၉၉ ဒေါ်လာကျသင့်ပါမယ်။

HP ရဲ့ Envy x2 ကတော့ အရွယ်သေးတဲ့ 2-in-1 ထုတ်ကုန်ဖြစ်ပြီး ၁၂. ၃လက်မ display ပါဝင်သလို RAM 8GB နဲ့ storage 256GB အထိပါဝင်လာပါတယ်။ HP ထုတ်ကုန်မှာလည်း stylus ထောက်ပံ့မှုပါဝင်ပါတယ်။ ထုတ်ကုန်နှစ်ခုစလုံးမှာ LTE ထောက်ပံ့မှုပါဝင်လာပါတယ်။ HP ရဲ့ Envy x2 ကို လာမယ့်နှစ်နွေရာသီမှသာ ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge