January 19, 2018

ပရော်ဖက်ရှင်နယ်များအတွက် Windows 10 Pro for Workstations ကို Microsoft မိတ်ဆက်

Microsoft ဟာ စွမ်းဆောင်ရည်မြင့် hardware တွေသုံးစွဲပြီး အလုပ်တာဝန် ပမာဏများစွာ ပြုလုပ်ရတဲ့ ပရော်ဖက်ရှင်နယ် သုံးစွဲသူတွေအတွက် Windows 10 ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Windows 10 Pro for Workstations လို့အမည်ရတဲ့ ဗားရှင်းမှာ ကောလာဟလထွက်ပေါ်ခဲ့တဲ့အတိုင်း ဆာဗာအဆင့်ရှိဖိုင်စနစ် (Resilient File System) ပါဝင်လာပါတယ်။ ဒါ့အပြင် SMB Direct နဲ့ ဖိုင်တွေဝေမျှတဲ့အခါ မြန်ဆန်ပြီး 4CPU နဲ့ memory 6TB အထိပါဝင်တဲ့ high-end hardware ကိုထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။

Windows 10 for Workstations ဟာ တန်ဖိုးကြီးထုတ်ကုန်တွေမှာ ပါဝင်လာနိုင်ဖွယ်ရှိပြီး Intel Xeon နဲ့ AMD Opteron ပရိုဆက်ဆာတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ သာမန် Windows 10 ဗားရှင်းက 2 CPU နဲ့ memory 2TB အထိသာ အထောက်အပံ့ပေးနိုင်ပါတယ်။ အခုဗားရှင်းသစ်ကတော့ Windows 10 ဗားရှင်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပြီး တန်ဖိုးကြီးစွမ်းဆောင်ရည်မြင့်ထုတ်ကုန်တွေကို အထောက်အပံ့ပေးနိုင်ပါတယ်။

Windows 10 Pro for Workstations ကို Fall Creators Update တစ်စိတ်တစ်ပိုင်းအဖြစ် ဒီနှစ်ကုန်မှာ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TechCrunch