September 24, 2017

တရုတ်နိုင်ငံရဲ့ social media app WeChat ကို ရုရှား ပိတ်ပင်တားမြစ်

ရုရှားနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် social media app ဖြစ်တဲ့ WeChat ကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ South China Morning Post က ဖော်ပြခဲ့ပါတယ်။

Tencent Holdings ရဲ့ WeChat app ကို ပိတ်ပင်တားမြစ်တာနဲ့ပတ်သက်ပြီး စောင့်ကြည့်အဖွဲ့ Roskomnadzor က သူ့ရဲ့ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ WeChat app တားမြစ်ပိတ်ပင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ Tencent က Reuters ထံ ပြောကြားခဲ့ပါတယ်။

WeChat app အသုံးပြုခွင့်ကို ရုရှားနိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာနဲ့ သတင်းအချက်အလက်လုံခြုံရေးဥပဒေ အပိုဒ် ၁၅.၄ နဲ့ တားမြစ်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ South China Morning Post က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီဥပဒေမှာ အင်တာနက်ပေါ်မှာ သတင်းအချက်အလက်ဖြန့်ဝေတဲ့ အဖွဲ့အစည်းများအနေနဲ့ တာဝန်ယူဆောင်ရွက်မှု ပျက်ကွက်ခဲ့မယ်ဆိုရင် အရေးယူမယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

WeChat ဟာ တရုတ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး social media application ဖြစ်ပြီး ၂၀၁၆ နှစ်ကုန်ပိုင်း အချက်အလက်များအရ ကမ္ဘာတစ်ဝန်းမှာ သုံးစွဲသူ ၈၈၉ သန်းရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာလည်း Facebook နဲ့ Twitter အပါအဝင် နိုင်ငံခြား social media app သုံးစွဲခွင့်ကို ပြည်တွင်းဥပဒေများနဲ့ ကန့်သတ်တားမြစ်ထားပါတယ်။

Ref: SouthChinaMorningPost/Reuters