December 12, 2017

တရုတ်တွင် စက်ရုံတည်ဆောက်ရန် Tesla သဘောတူညီမှုရရှိ

ရှန်ဟိုင်းမြို့ရဲ့ လွတ်လပ်တဲ့ကုန်သွယ်ခွင့်ဇုန်မှာ စက်ရုံတစ်ခုတည်ဆောက်ရန်အတွက် Tesla နဲ့ ရှန်ဟိုင်းအစိုးရတို့ သဘောတူညီမှုရရှိခဲ့တယ်လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံခြားကားကုမ္ပဏီတွေက ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းရတာဖြစ်ပေမယ့် Tesla ကတော့ စက်ရုံတစ်ခုလုံးကို ပိုင်ဆိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Tesla က ထုတ်လုပ်မှုကုန်ကျစရိတ်အချို့နဲ့ တရုတ်နိုင်ငံက Tesla တွေရဲ့ တန်ဖိုးကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ သွင်းကုန်စည်းကြပ်ကောက်ခံခွန် ၂၅ ရာခိုင်နှုန်းကို ဆက်လက်ပေးဆောင်ရဖို့ရှိပါတယ်။

ဒီသဘောတူညီမှုရဲ့ ကောလာဟလသတင်းတွေဟာ ဇွန်လက ပထမဆုံး ထွက်ပေါ်လာခဲ့တာဖြစ်ပြီး Tesla အနေနဲ့ ကားတွေကိုထုတ်လုပ်ဖို့အတွက် ရှန်ဟိုင်းအစိုးရနဲ့ ဆွေးနွေးနေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရှန်ဟိုင်းမှာ စက်ရုံတည်ဆောက်ရန် ဆွေးနွေးနေတဲ့အကြောင်းကို Tesla က အတည်ပြုခဲ့ပါတယ်။

တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ကိုပိုင်ဆိုင်ထားပြီး လျှပ်စစ်ကားတွေအတွက်လည်း တက်ကြွထက်သန်တဲ့ ရည်မှန်းချက်တွေကို ချမှတ်ထားပါတယ်။ တရုတ်အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ်မှာ တစ်နှစ်ကို လျှပ်စစ်ကား ၇ သန်းခန့် ရောင်းချဖို့ ရည်မှန်းထားပါတယ်။

-နောင်နောင်
Ref: TechCrunch