September 26, 2017

တစ်လအတွင်း Galaxy S8 အလုံးရေ ၅ သန်းရောင်းချခဲ့ရကြောင်း Samsung ထုတ်ပြန်

ဧပြီ ၂၁ ရက်က စတင်ဖြန့်ချိခဲ့တဲ့ Galaxy S8 နဲ့ Galaxy S8+ ရောင်းချမှုနှုန်းဟာ တစ်လအတွင်း အလုံးရေ ၅ သန်း ရှိခဲ့တယ်လို့ Samsung က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီကိန်းဂဏန်းမှာ တောင်ကိုရီးယား၊ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့မှာ ရောင်းချခဲ့ရတဲ့အရေအတွက် ပါဝင်တယ်လို့ ဆိုပါတယ်။

Galaxy S8 နဲ့ Galaxy S8+ မှာ ဘယ်မော်ဒယ်က အရောင်းရဆုံးလဲဆိုတာကိုတော့ ကုမ္ပဏီက မပြောကြားခဲ့ပါဘူး။ အစောပိုင်း သတင်းတွေမှာတော့ Samsung အနေနဲ့ Galaxy S8+ အတွက် ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ သုံးသပ်ချက်အချို့မှာတော့ ၅.၈ လက်မ Galaxy S8 ကို အလေးပေးဖော်ပြခဲ့ပါတယ်။

Galaxy S8 ကို နောက်လအတွင်း နိုင်ငံပေါင်း ၁၂၀ နီးပါးထံ တင်ပို့ရောင်းချဖို့ အသင့်ရှိနေသလို Bixby ကိုလည်း မကြာမီဖြန့်ချိတော့မယ့် အတွက်ကြောင့် ရောင်းအားဆက်လက်မြင့်တက်လာပြီး ကုမ္ပဏီအနေနဲ့ ဒုတိယသုံးလပတ်မှာ စံချိန်တင်အမြတ်ငွေရရှိလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။

Ref: 9to5Google