September 19, 2017

ဇွန်လတွင် အိန္ဒိယနိုင်ငံရဲ့ အင်တာနက် သုံးစွဲသူဦးရေ သန်း ၄၅၀ ကျော်ရှိလာမည်

အိန္ဒိယနိုင်ငံရဲ့ အင်တာနက် သုံးစွဲသူဦးရေဟာ ၂၀၁၇ နှစ်လယ်ပိုင်းမှာ သန်း ၄၅၀ ကျော် ရှိလာမှာဖြစ်တယ်လို့ Internet and Mobile Association of India (IAMAI) ရဲ့ အစီရင်ခံစာကို ကိုးကားပြီး Economics Times က ဖော်ပြလိုက်ပါတယ်။

ဒါဟာ ခြောက်လအတွင်း သုံးစွဲသူ သန်း ၆၀ မြင့်တက်လာတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အင်တာနက် သုံးစွဲသူအရေအတွက် မြင့်တက်လာပေမယ့်လည်း အိန္ဒိယနိုင်ငံအတွင်း အင်တာနက်မသုံးနိုင်သူ တစ်ဘီလျံနီးပါး ရှိနေသေးတယ်လို့ ဆိုပါတယ်။ အိန္ဒိယကျေးလက်ဒေသရဲ့ အင်တာနက်ထိုးဖောက်မှုနှုန်းက ၁၇ ရာခိုင်နှုန်းခန့်သာရှိပေမယ့် ဝန်ကြီးချုပ် Narendra Modi က ကျေးရွာ ၁၅၀,၀၀၀ ထံ ဈေးသက်သာပြီး မြန်နှုန်းမြင့်တဲ့ အင်တာနက်ဝန်ဆောင်မှုပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယရဲ့ ဒီဂျစ်တယ်စီးပွားရေးဟာ နိုဝင်ဘာလက ရူပီး ၅၀၀ နဲ့ ၁၀၀၀ တန်တွေကို ဖျက်သိမ်းပြီးနောက် ပိုမိုအားကောင်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားတွေရဲ့ ဖုန်းကနေငွေပေးချေနိုင်တဲ့ mobile wallet အသုံးပြုမှုဟာမြင့်တက်လာပြီး ပြည်တွင်းကုမ္ပဏီ PayTM ရဲ့ သုံးစွဲသူဦးရေက သန်း ၂၀၀ ကျော်ရှိလာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုကို အနောက်နိုင်ငံကုမ္ပဏီအများအပြားက စိတ်ဝင်စားခဲ့ကြပါတယ်။ Facebook ဟာ အိန္ဒိယအတွက် ရည်ရွယ်ဖန်တီးထားတဲ့ WhatsApp for Business app တစ်ခုကို မကြာသေးခင်က မိတ်ဆက်ပေးခဲ့သလို Microsoft ကလည်း အိန္ဒိယရဲ့ 2G ကွန်ရက်နဲ့ သုံးနိုင်မယ့် Skype Lite ဗားရှင်းတစ်ခုကိုလည်း ဖြန့်ချိခဲ့ပါတယ်။

Ref: CNET