February 25, 2018

ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနအတွက် ဝန်ထမ်းများခေါ်ယူ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ဝန်ထမ်းများခေါ်ယူ လိုက်ပါတယ်။

အဲဒီဦးစီးဌာနမှာ လစ်လပ်နေတဲ့ အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူး (၁၈) နေရာအတွက် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ပြင်ပပုဂ္ဂိုလ်ဆိုရင် အသက် ၃၀ ထက်မကျော်လွန်သူ၊ အစိုးရဝန်ထမ်းဆိုရင်တော့ ၃၅ နှစ်ထက် မကျော်လွန်သူတွေဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြင်ပပုဂ္ဂိုလ်တွေအတွက် အနည်းဆုံး ပညာအရည်အချင်း သတ်မှတ်ချက် B.C.Sc၊ B.C.Tech၊ B.Tech ဘွဲ့ရရှိသူ (သို့မဟုတ်) B.Sc (Physics/ Maths)၊ A.G.T.I ဘွဲ့/ ဒီပလိုမာရရှိပြီး ကွန်ပျူတာအခြေခံသင်တန်း အောင်လက်မှတ်ရရှိသူ ဖြစ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းတွေအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဌာနဆိုင်ရာအသိအမှတ်ပြု ဘာသာရပ်ဆိုင်ရာ သင်တန်းတက်ရောက် ပြီးသူဖြစ်ရမှာဖြစ်ကြောင်း သိရပါတယ်။

လျှောက်ထားသူတွေဟာ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနဲ့ မြန်မာစာဘာသာရပ်တွေက ပါဝင်တဲ့အရည်အချင်းစစ် ရေးဖြေစာမေးပွဲ (၂) နာရီမေးခွန်း ဖြေဆိုရမှာဖြစ်ကြောင်း၊ ရေးဖြေစာမေးပွဲ အောင်မြင်သူတွေကို လူတွေ့စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လျှောက်လွှာတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂)၊ နေပြည်တော်ကို ၉-၃-၂၀၁၈ ရက်၊ ရုံးချိန်အတွင်း နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

-ထွန်းထွန်း