December 13, 2017

စီးပွားဖြစ်ဂိမ်းဆိုင် (အကြွေစေ့သုံးလောင်းကစားဆိုင်) စိစစ်ဖော်ထုတ်ပိတ်သိမ်း အရေးယူခြင်း လွှတ်တော်ဆွေးနွေးမည်

အကြွေစေ့သုံး လောင်းကစားဆိုင်တွေကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုနဲ့စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်မှာ ထောက်ခံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ မြို့တော်တော်များများမှာ စီးပွားဖြစ်ဂိမ်းဆိုင်တွေ ဖွင့်လှစ်လုပ်ကိုင်နေသူတွေ မြို့တော် စည်ပင်သာယာရေးကော်မတီကနေ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်းဆိုပြီး သဏ္ဍာန်ဆောင်အမည်ပြုပြီး ပြည်ပကနေ တင်သွင်းလာတဲ့ စက်ကိရိယာတွေနဲ့ ခေတ်ပေါ်လောင်းကစားနည်း မျိုးစုံပါဝင်တဲ့ အကြွေစေ့သုံး လောင်းကစားအဆင့် ဂိမ်းဆိုင်တွေ ဖွင့်လှစ်လာကြကြောင်း၊ လောင်းကစားလိုသူ ကျောင်းသား၊ လူငယ်လူရွယ် လူလတ်မျိုးစုံတွေဟာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက်ပျက်ပြားလာတွေရှိကြောင်း၊ လောင်းကစားဆိုင်တွေကို စိစစ်ဖော်ထုတ်ပိတ်သိမ်းအရေးယူတာတွေကို တစ်ပြေးညီ လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးအောင်သိန်းက အဆိုတင်သွင်းခဲ့တာလို့ သိရပါတယ်။ အဲဒီအဆိုကို လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ခံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ၄၂ ရက်မြောက်နေ့ အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားဖို့ လွှတ်တော်ဥက္ကဌက ကြေညာခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း