September 26, 2017

စမတ်ဖုန်းတွေအတွက် OS update တွေကို အလျင်အမြန်ဖြန့်ချိပေးမယ့် Project Treble ကို Google မိတ်ဆက်

လက်ရှိမှာ Nexus နဲ့ Pixel မဟုတ်ရင် Android version update တွေကို မြန်မြန်ဆန်ဆန် မရနိုင်ပါဘူး။ အဲ့ဒီအတွက်ကြောင့် device upate လုပ်ငန်းစဉ်ကို ပိုမိုလျင်မြန်စေမယ့် Project Treble ကို Google က မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါဟာ အသစ်ထွက်မယ့် Android O operating system ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိနဲ့ အရင် Android version တွေမှာတုန်းက OS update တွေကို သူတို့ရဲ့ hardware တွေမှာ အလုပ်လုပ်နိုင်ဖို့အတွက် အပြောင်းအလဲတွေလုပ်လိုတဲ့ Qualcomm, MediaTek စတဲ့ silicon ကုမ္ပဏီတွေကို ဦးစွာပေးပို့ရတယ်လို့ Google က ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက် အဲ့ဒီ version ကို သက်ဆိုင်ရာထုတ်ကုန်တွေအတွက် ကိုယ်ပိုင်အပြောင်းအလဲတွေ ပြုလုပ်လိုတဲ့ Samsung, LG, HTC တို့လို device ထုတ်လုပ်သူများထံ ပေးပို့ရပါတယ်။ တကယ်လို့ စမတ်ဖုန်းတစ်ခုက AT&T, Verizon တို့လို carrier တစ်ခုနဲ့ ချိတ်ဆက်ထားတယ်ဆိုရင် နောက်ဆုံးအပြောင်းအလဲတွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့အတွက် OS update ကို အဲ့ဒီကုမ္ပဏီတွေဆီ ပေးပို့ရပါတယ်။ ဒါကြောင့် Google ရဲ့ Android update တွေကို စမတ်ဖုန်းတွေဆီ ဖြန့်ချိဖို့ လပေါင်းများစွာ ကြာမြင့်ရခြင်းဖြစ်ပါတယ်။

Android O ဖြန့်ချိတဲ့အခါမှာတော့ update ဖြန့်ချိချိန်ကြာမြင့်မှုကို Project Treble နဲ့လျှော့ချသွားဖို့ Google က ဆန္ဒရှိနေပါတယ်။ Project Treble ဟာ vendor interface သစ်ကို Android OS framework နဲ့ vendor implementation အကြားမှာ ဖန်တီးပေးမှာဖြစ်တဲ့အတွက် update ကို silicon ကုမ္ပဏီတွေထံ အရင်ဆုံးပေးပို့စရာမလိုတော့ဘဲ စမတ်ဖုန်းတွေနဲ့ tablet တွေအတွက် device ထုတ်လုပ်သူတွေက အပြောင်းအလဲတွေကို တိုက်ရိုက်ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Project Treble အပြင် code အပြောင်းအလဲတွေကို Android Open Source Project (AOSP) codebase မှာ တိုက်ရိုက် ထည့်သွင်းနိုင်ဖို့အတွက် Google က Android device hardware လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် Android O version သစ် ထွက်ရှိလာတဲ့အခါ အဲ့ဒီ code အပြောင်းအလဲတွေအတွက် ကုမ္ပဏီတွေက patch လုပ်စရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

Android O နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လာမယ့်ရက်သတ္တပတ်မှာ ကျင်းပမယ့် 2017 Google I/O developer conference မှာ သိရှိရမှာ ဖြစ်ပါတယ်။

Ref: AndroidAuthority