September 26, 2017

စတုတ္ထမြောက်အော်ပရေတာ myTel နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အော်ပရေတာ၏ ၀န်ဆောင်မှုများ၊ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အဆိုပါ အော်ပရေတာ ကုမ္ပဏီ၏ Chief External Relation Officer ဖြစ်သူ ဦးဇော်မင်းဦးအား အင်တာနက် ဂျာနယ်မှ မေးမြန်းခဲ့သည်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။

စတုတ္ထမြောက်အော်ပရေတာကို Myanmar Telecom Holding Public Limited က၂၃ ရာခိုင်နှုန်း၊  Star High Co.,Ltd မှ ၂၈ ရာခိုင်နှုန်း တို့ဖြင့် စုစုပေါင်း ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး Viettel Company က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ Myanmar National Tele&Communication Co.,Ltd အမည်ဖြင့် ပြည်တွင်းဈေးကွက်သို့ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ စတုတ္ထမြောက်အော်ပရေတာရဲ့လုပ်ငန်းအခြေအနေ ဘယ်အဆင့်အထိ ရောက်သွားပြီလဲ သိချင်ပါတယ်။

စတင်ဆောင်ရွက်နေပါပြီ။ ၀န်ထမ်းပေါင်း ၁၀၀ ကျော်ခန့်ပြီးသွားပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်းလုပ်ဖို့အတွက်ကို လိုအပ်တဲ့မြေနေရာ ငှားရမ်းမှုတွေ တာဝါတည်ဆောက်ခွင့်တွေ ဖိုက်ဘာတည်ဆောက်ခြင်းတွေ နောက်ပြီးတော့ လိုအပ်တဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေတဲ့ အပိုင်းကိုရောက်နေပါပြီ။ မူလပြောထားတဲ့အတိုင်းပဲ ၂၀၁၈ နှစ် အစပိုင်းလောက်မှာ ၀န်ဆောင်မှုပေးသွားမယ်။

နောက်ဆုံးမှဝင်ရောက်တဲ့ အော်ပရေတာဆိုတော့ အစိုးရဆီက လုပ်ပိုင်ခွင့်ပိုရတာမျိုး ရှိမလား။

ကျွန်တော်တို့မှာ အဲလိုမျိုးတော့မရှိပါဘူး။ အစိုးရကနေပြီးတော့ ကျွန်တော်တို့အတွက် သီးသန့်လုပ်ပေးထားတယ် ဆိုတာမျိုးမရှိပါဘူး။ မူလစတင်ပြီးတော့ အစိုးရအနေနဲ့ တယ်လီကွန်း ဥပဒေကို စတင်ပြဌာန်း ကတည်းကနေပြီးတော့ မြန်မာနိုင်ငံရဲ့ရေမြေ အနေအထားအရ အော်ပရေတာလေးခုကသင့် တော်တယ်ဆိုပြီး တော့ထားရှိခဲ့တာပါ။ ဒီအတွက် ကျွန်တော်တို့အတွက် ဈေးကွက်က ကျန်ပါသေးတယ်။

ဈေးကွက်ထဲမှာ ရှိနှင့်ပြီးသား အော်ပရေတာတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုအချက်တွေကအဓိက ကျတယ်လို့ ထင်ပါသလဲ။

ကျွန်တော်ထင်တယ်ဗျ။ အဓိကက ၀န်ဆောင်မှုပါ။ နောက်တစ်ခုကျတော့ Ntework (ကွန်ရက်) ပေါ့။ ကွန်ရက်တွေ ဘယ်လောက်မြန်မလဲ ၀န်ဆောင်မှု ဘယ်လောက်ကောင်းမလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ Customer ရရှိမှုက မူတည်ပါလိမ့်မယ်။

မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးတဲ့အခါ တစ်မိနစ်ကျသင့်တဲ့ ဈေးနှုန်းကို အကြမ်းဖျင်း သတ်မှတ်ပြီးပြီလား။

အဲဒါတော့ ညှိနတုန်းပဲခင်ဗျ။ လက်ရှိယူဆထားတာကတော့ တစ်မိနစ်ပြောခ ဈေးနှုန်းတွေဟာများနေ တယ်လို့ထင်တယ်။ ကျွန်တော်တို့ဒါကို လျှော့ချင်တယ်။ ဒါကလည်း Regulator နဲ့ညှိနှိုင်းလုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိနေတယ်။ Regulator ရဲ့ ညွှန်န်ကြားချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကွန်ရက်တည်ဆောက်မှု အပိုင်းကိုလည်း သိချင်ပါတယ်။

ကွန်ရက်တည်ဆောက်မှုက မြို့မှာတော့ ၉၅ ရာခိုင်နှုန်း ကျေးလက်ဒေသတွေမှာတော့ ၈၅ ရာခိုင်နှုန်းမျှအောင် တည်ဆောက်နေပါတယ်။ ကွန်ရက်စပြီး တည်ဆောက်ကတည်းက ကျေးလက်ရော မြို့ပြရောမျှပြီး တည်ဆောက်နေပါတယ်။ ဖုန်းလိုင်းမရှိတဲ့ လိုင်းမမိတဲ့နေရာတွေမှာ ကွန်ရက်တွေတည် ဆောက်သွားမှာ ဖြစ်ပါတယ်။

2G, 3G, 4G  စတဲ့ ဘယ်လိုကွန်ရက်မျိုးနဲ့ စတင်သွားမှာပါလဲ။

အခုမှန်းထားတာက 2G, 3G, 4G တစ်ပြိုင်တည်း စသွားမယ်။ 4G အတွက်လည်း ကျွန်တော်တို့ ဟိုတစ်လောက Regulator ကနေပြီးတော့ ခေါ်တော့ယူပါရစေဆိုပြီးတော့ လျှောက်ပြီးသွားပါပြီ။ စတင် မိတ်ဆက်တာနဲ့ 2G, 3G, 4G တစ်ပြိုင်တည်း စတင်သွားမှာ ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ myTel နာမည်နဲ့ ၀င်ရောက်လာမယ်လို့ သိရပါတယ်။ အဲဒီနာမည် အကြောင်းလေး လည်းသိချင်ပါတယ်။

myTel က တစ်ချို့တွေက ပြောကြတယ်။ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းပေါ့။ တကယ်တော့ ကျွန်တော်တို့ ပေးချင်တဲ့ဟာက အဲဒါလည်းပါတယ်။ နောက်ပြီးတော့ myTel ပေါ့။ ကျွန်တော့်ရဲ့တယ်လီဖုန်းပေါ့။ ကိုယ့်ရဲ့တယ်လီဖုန်း အနေနဲ့ပေးတာပါ။ ထို့အတူပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ မြန်မာရဲ့အတိုကောက်ဆိုလည်း ရပါတယ်။

MEC လည်း စတုတ္ထမြောက် အော်ပရေတာထဲမှာ ပါဝင်လာတယ်ဆိုတော့ အခုလက်ရှိ သုံးနေတဲ့ MEC ဖုန်းတွေက ဘယ်လိုဆက်ဖြစ်သွားမလဲ။

MEC ရဲ့အောက်မှာနှစ်ဖွဲ့ရှိပါတယ်။ နှစ်ခုလုံးရဲ့မိခင်ကုမ္ပဏီက MEC ပါဒါကတော့မှန်တယ်။ ကျွန်တော် တို့ MECTel နဲ့ပတ်သက်ပြီးတော့ကတော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ MECTel သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ အလုပ်လုပ်နေတာပေါ့နော်။ အဲဒါဖြစ်တဲ့အတွက် ကျွန်တော်တို့ နဲ့ဘယ်လိုပုံစံ လုပ်မလဲဆိုတာနဲ့ မပြီးသေးဘူးဗျ။ ဘယ်လိုပုံစံဖြစ်သွားမလဲ ဆိုတာကိုတော့ ညှိနှိုင်းနေတုန်းပဲ ဖြစ်ပါတယ်။

myTel ရဲ့ဖုန်းနံပါတ်အစဂဏန်းက ၆ နဲ့စမယ်လို့သိရပါတယ်။ အတည်ဖြစ်သွားပြီလား။

၆ နဲ့စမှာ အတည်ဖြစ်ပါတယ်။

စတုတ္ထမြောက်အော်ပရေတာရဲ့ ကနဦး ရင်းနှီးမြုပ်နှံမှုပမာဏကို သိလို့ရမလားခင်ဗျာ။

မှန်းထားတာက ၁.၅ ဘီလီယံဆိုပေမယ့် နောက်ဆုံးတွက်ချက်မှုအရ ၂ ဘီလီယံကျော်ဖို့ များတယ်။ 4G ကထွက်တယ်လေ၊ အဲဒါကို ယူမယ်ဆိုတော့ ၂ ဘီလီယံကျော်ဖို့ များပါတယ်။

လက်ရှိ ၀န်ထမ်းခေါ်ယူမှုအပိုင်းကို လည်ပတ်နေပြီလား။

ဝန်ထမ်းခေါ်ယူထားတာ လောလောဆယ် ၁၀၀ ကျော်သွားပြီ။ စုစုပေါင်းမှန်းထားတဲ့ ၀န်ထမ်းကတော့ သုံးထောင်ကျော် သွားပါမယ်။

ဝန်ထမ်းအားလုံးမှာ မြန်မာနိုင်ငံသား ဘယ်နှစ်ရာခိုင်နှုန်းလောက် ပါဝင်မလဲ။

၉၀ ရာခိုင်နှုန်းကျော်က မြန်မာဖြစ်ရပါမယ်။

စတုတ္ထမြောက်အော်ပရေတာ အနေနဲ့ဆောင်ရွက်သွားမယ့် CSR လုပ်ငန်းတွေကိုလည်း သိချင်ပါတယ်။

အဓိကကတော့ CSR မှာ ပညာရေးရယ်၊ ကျန်းမာရေးရယ်ပေါ့။ ဆေးရုံတွေ၊ ကျောင်းတွေရဲ့ အင်တာနက် ဆက်သွယ်မှုကို ၁၅ နှစ် အခမဲ့ပေးသွားမှာပါ။ အဲဒါတွေကို လုပ်နေတယ်။

ထပ်မံပြောကြား လိုတာများရှိရင် သိချင်ပါတယ်။

အခုတော့ ကျွန်တော်တို့ကတော့ နောက်ဆုံးမှဝင်လာတဲ့ အော်ပရေတာပေါ့နော်။ တတ်နိုင်သမျှ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ၀န်ဆောင်မှုပေးသွားမယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့အနေနဲ့ကတော့ ပြည်တွင်းပြည်ပ ပေါင်းလုပ်ရတာဖြစ်တဲ့အတွက် တစ်ချို့ကိစ္စတွေကျတော့ ဈေးကွက်ကိုကြည့်တဲ့အခါ အရင်တုန်းကလိုမျိုးဈေးကွက် မရှိတာမျိုး မဟုတ်ဘူး။ ဈေးကွက် ပြည့်နေတာ ဖြစ်တဲ့အတွက် ခြိုးခြံချွေတာပြီး လုပ်ရတဲ့ အပိုင်းလေးရှိတွေလည်း ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းရော အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။