September 26, 2017

ငါးမိနစ်အတွင်း အားသွင်းနိုင်မည့် မိုဘိုင်းဖုန်းများကို လာမည့်နှစ်တွင် ရောင်းချမည်ဟုဆို

ငါးမိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် စမတ်ဖုန်းတွေကို လာမယ့်နှစ်မှာ ဈေးကွက်အတွင်း တွေ့မြင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။
Ultra-fast-charging နည်းပညာရှေ့ပြေးပုံစံကို ပွဲထုတ်ပြသပြီး နှစ်နှစ်အကြာမှာ FlashBattery ကို ၂၀၁၈ ခုနှစ် အစောပိုင်းမှာ စတင်ထုတ်လုပ်သွားမယ်လို့ အစ္စရေး startup ကုမ္ပဏီ StoreDot က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ငါးမိနစ်အတွင်းအားသွင်းနိုင်မယ့် လျှပ်စစ်ကားဘက်ထရီကိုလည်း လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဖြန့်ချိသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

StoreDot အမှုဆောင်အရာရှိချုပ် Doron Mysersdorf ရဲ့ BBC ထံ ပြောကြားချက်အရ အဲ့ဒီနည်းပညာကို အာရှဘက်ထရီကုမ္ပဏီနှစ်ခုနဲ့ စမ်းသပ်ထုတ်လုပ်နေပြီး ၂၀၁၈ ပထမသုံးလပတ်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

တဲလ်အဗစ်အခြေစိုက်ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်ကကျင်းပခဲ့တဲ့ လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲ (CES) မှာ ဘက်ထရီဝင်ဆံ့မှုပမာဏ ဆယ်ဆတိုးမြှင့်ပေးနိုင်မယ့် NanoDots လို့ခေါ်တဲ့ ရှေ့ပြေးပုံစံတစ်ခုကို ပြသခဲ့ပါတယ်။

အဲ့ဒီတုန်းက ဘက်ထရီရဲ့ဗားရှင်းအချို့ဟာ စမတ်ဖုန်းအများစုရဲ့ဘက်ထရီထက် ထူထဲခဲ့ပေမယ့် အခုအခါမှာတော့ ဈေးကွက်အတွက် အသင့်ဖြစ်နေပြီလို့ Myersdorf က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ စမတ်ဖုန်းကို ငါးမိနစ်အတွင်း အားသွင်းနိုင်ပါတော့မယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

Ref: DailyMail